အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားခဲ့ပြီဖြစ်ပြီး ဆက်လက်၍ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ ဆုတ်ခွာသွားမည်ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာအတွင်း ရေပြင်အပူချိန်များ စံချိန်တင် လျင်မြန်စွာမြင့်တက်လာနေခြင်းကြောင့် လာမည့်အောက်တိုဘာလမှ နောက်နှစ်ဖေဖော်ဝါရီလအတွင်း အလွန်အားကောင်းသော စူပါအယ်လ်နီညိုအဆင့်အထိ ရောက်ရှိလာနိုင်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ကခန့်မှန်းထားရာ ပူပြင်းခြောက်သွေ့သည့်ရာသီ လျင်မြန်စွာရောက်ရှိလာမည်ဖြစ်သည်။
စူပါအယ်လ်နီညိုရာသီဥတုကျရောက်လာချိန်တွင် မိမိတို့နိုင်ငံအပါအဝင်ဖြစ်သည့် အာရှဒေသများတွင် အပူချိန်အလွန်မြင့်မားသည့် အခြေအနေတစ်ရပ်ကို ကြုံတွေ့နိုင်ပြီး ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့မှာ ကမ္ဘာ့သမိုင်းတွင် အပူဆုံးနှစ်များဖြစ်လာနိုင်သည်ဟု ခန့်မှန်းနေကြ သည်။ အရှေ့တောင်အာရှတွင် မိုးရွာသွန်းမှု ပုံမှန်ထက်လျော့နည်းကာ မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်ခြင်းနှင့်ဆက်စပ်၍ စပါးနှင့်သီးနှံများ ထုတ်လုပ်မှုကျဆင်းနိုင်ကြောင်းတို့ကိုပါ သတိပေးလျက်ရှိသည်။ အယ်လ်နီညိုရာသီဥတု သက်ရောက်မှုများတွင် ပုံမှန်မဟုတ်သော မုန်တိုင်းများဖြစ်ပေါ်ခြင်းနှင့် မိုးရွာသွန်းမှုများ မူမမှန်ခြင်းတို့အပါအဝင် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များလည်း ဖြစ်လာနိုင်သည်ဟုဆိုသည်။
“ယခုအခါ ကမ္ဘာနှင့်အဝန်းတွင် ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အယ်လ်နီညိုနှင့်ပတ်သက်၍လည်း ကြိုတင်သတိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်ကိုတွေ့ရှိရပြီး ဂရုပြုကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အပူချိန်လွန်ကဲမှုကြောင့် မြေအောက်ရေလျော့နည်းကျဆင်းမှုများနှင့် ရေရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေများအတွက် လိုအပ်သည့်ရေများကို ကြိုတင်စုဆောင်းထားရှိရန်လိုကြောင်း၊ လိုအပ်ပါက မြစ်ချောင်းများတွင် မြေအောက်တမံများပြုလုပ်ပြီး မြေအောက်ရေကို ထိန်းသိမ်းသွားကြရန်နှင့် ကြိုတင်ပြင်ဆင်၍ရသည်များကို ယခုကတည်းက စနစ်တကျဖြင့် စဉ်းစားပြင်ဆင်ဆောင်ရွက်ထားကြရန်လိုကြောင်း” စက်တင်ဘာ ၁၅ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တက်ရောက်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ရာသီဥတုဖောက်ပြန်မှုများမှာ တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်လျက်ရှိပြီး မည်သူမှရှောင်လွှဲမရသည့် ဖြစ်စဉ်များဖြစ်သော်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများဖြင့် သဘာဝဘေးကိုရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်သည်။ မြို့ပြ၊ ရပ်/ကျေးများ အပူဒဏ်လျော့ပါးသက်သာရေး၊ ဒေသစိမ်းလန်းစိုပြည်ရေးအတွက် မိုးဦးကျကာလတွင် စိုက်ပျိုးခဲ့သည့်သစ်ပင်များ ကောင်းစွာရှင်သန်ကြီးထွားလာကြစေရန် ခြောက်သွေ့ရာသီနှင့် အယ်လ်နီညိုကာလအတွင်း စနစ်တကျ ပြုစုစောင့်ရှောက်ကြရမည်ဖြစ်သည်။ အားကောင်းသည့်အယ်လ်နီညိုအခြေအနေသည် စိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးနှင့် တောင်ယာသီးနှံများအပေါ် သိသာသည့်သက်ရောက်မှုများ ဖြစ်ပေါ်နိုင်သည်။ ဆန်စပါးသည် ရေလိုအပ်ချက်များသည့် သီးနှံဖြစ်သည့်အလျောက် မိုးရရှိမှုနည်းပါးချိန်တွင် အချိန်မီရိတ်သိမ်းနိုင်ရန် သက်တမ်းတိုမျိုးများကို ရွေးချယ်ခြင်း၊ အပူဒဏ်ခံ၊ ရေငတ်ခံမျိုးများကို ဦးစားပေးရွေးချယ်ခြင်း၊ AWD စနစ်ခေါ် ရေသွင်းရေထုတ် တစ်လှည့်စီပြုလုပ်ခြင်း၊ စိုက်ပျိုးရေရရှိနိုင်မည့် ရေအရင်းအမြစ်များကို ကြိုတင်တူးဖော်ထိန်းသိမ်းထားခြင်း၊ ပျိုးထောင်ချိန်နှင့်စိုက်ပျိုးချိန်ကို ပုံမှန်ထက်စောခြင်း/ နောက်ဆုတ်ခြင်းတို့ကို မိုးလေဝသအခြေအနေနှင့် ချိန်ညှိခြင်း။
ပြောင်း၊နှမ်း၊ပဲမျိုးစုံသီးနှံများမှာ မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းရန် လိုအပ်သည့်အလျောက် ရိုးပြတ်များ၊ မြက်ခြောက်များဖြင့် မြေမျက်နှာပြင်ကိုဖုံးအုပ်ပေး၍ မြေကြီးထဲမှရေငွေ့ပျံမှုကို လျှော့ချခြင်း၊ ရေလိုအပ်ချက်များသည့်သီးနှံများအစား ရေငတ်ခံနိုင်သည့် နှံစားပြောင်း၊ ပဲစင်းငုံ၊ နေကြာကဲ့သို့သီးနှံများ အစားထိုးစိုက်ပျိုးခြင်း၊ သီးနှံတစ်ခုတည်းစိုက်ခြင်းထက် ကြားသီးနှံရောနှောစိုက်ပျိုးခြင်းဖြင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေကို လျှော့ချခြင်း၊ ရာသီဥတုအပြောင်းအလဲတွင် ဖြစ်လာနိုင်သည့် ပိုးမွှားနှင့် အပင်ရောဂါကျရောက်မှုတို့ကို ဂရုပြုခြင်း၊ ရိက္ခာနှင့်မျိုးစေ့ သိုလှောင်ခြင်း၊ သောက်သုံးရေနှင့်စိုက်ပျိုးရေ သိုလှောင်ခြင်းတို့ကို ဆောင်ရွက်ထားကြရန်လည်း ပညာရှင်များက သတိပေးထားကြသည်။
မိုးလေဝသနှင့်ရာသီဥတု ကြိုတင်ခန့်မှန်းမှုများမှာ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေ၊ အချက်အလက်များပေါ်မှ တွက်ချက်ကြရခြင်းဖြစ်ပြီး ဤသို့ ဧကန်ဖြစ်ရမည်ဟုဆို၍မရနိုင်ဘဲ နောက်ထပ်အကြောင်းများကြောင့်လွဲရသလို ကြိုတွက်မထားဘဲလည်း ဖြစ်လာနိုင်ခြေတို့ ရှိတတ်ကြသည်။ လက်ရှိဖြစ်ပေါ်နေသည့် အယ်လ်နီညိုသည် အားကောင်းနိုင်သော်လည်း စူပါအယ်လ်နီညိုဖြစ်လာရန် ဖြစ်နိုင်ခြေရာခိုင်နှုန်းမများကြောင်း နောက်ထပ်ခန့်မှန်းမှုများ ထွက်ပေါ်လာသည်ကိုတွေ့ရသည်။ မည်သို့ပင်ဖြစ်စေ ကြိုတင်ပြင်ဆင်မှုပြုခြင်းများက မှားယွင်းမည်မဟုတ်ဘဲ သဘာဝဘေးဖြစ်ပေါ်လာပါက ကျရောက်လာမည့်အန္တရာယ် လျော့ပါးသက်သာစေပါမည့်အကြောင်း။ ။


