ပူတာအိုခရိုင်အတွင်းရှိ ရေခဲဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိသော ဆန်းလွှတ်ချက်တောင်သို့ လာရောက်လည်ပတ်နိုင်

ပူတာအို   ၂၇  ဇန်နဝါရီ

 

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း ရေခဲတောင်များစွာရှိသည့်အနက် ယခုနှစ်ဆောင်းရာသီတွင် ပူတာအိုမြို့မှ ရေခဲဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိသော ဆန်းလွှတ်ချက်တောင်သို့ ကားလမ်းပေါက်၍ ရေခဲတောင်နှင့် ဆီးနှင်းကြည့်ရှု လိုသူများအတွက် သွားလာမှုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဆန်းလွှတ်ချက်တောင်သည် ပူတာအို-မချမ်းဘော-မဂွေဇ-ခေါင်လန်ဖူး ကားလမ်းမပေါ်တွင်ရှိပြီ ပူတာအိုမြို့မှ ကား၊ ဆိုင်ကယ်များဖြင့် ၆ နာရီခန့် မောင်းလျှင် ရောက်ရှိနိုင်သောကြောင့် ယခုနှစ်‌ ဆောင်းရာသီတွင် ပြည်တွင်း ခရီးသွားများ လာရောက်လည်ပတ်မှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

“ညမှာမိုးရွာထားပြီဆိုရင် တောင်ထိပ်ကားလမ်းမတစ်‌‌လျှောက် နှင်းဖုံးလွှမ်းတတ်တယ်။ တစ်နှစ်မှာ လေးခါလောက် နှင်းကျပြီး တော်ရုံနဲ့ ပြန်ပြီး အရည်မပျော်ဘူး။ အခုဆို ကား၊ ဆိုင်ကယ်တွေ တောင်ထိပ်အထိ‌ သွားလာလို့ အဆင်ပြေပြီဆိုတော့ ခဏတစ်ဖြုတ်သွားလည်ဖို့ အဆင်ပြေပါပြီ။ ဒေသတွင်းက နေ့ချင်းပြန် လာရောက် လည်ပတ်သူတွေရှိသလို ရန်ကုန်၊ မန္တလေးက ဧည့်သည်တွေလည်း ဒီမှာတစ်ညအိပ်ပြီး မနက်‌ပိုင်းမှာ တောင်ထိပ်ကိုတက်၊ နေ့လည်ပြန်သွားကြတာတွေ ရှိပါတယ်”ဟု ယင်းတောင်ခြေရှိ ငါ့လုံဒမ်းဘိုတဲစခန်းတွင် ခြောက်နှစ်ကြာ ဈေးရောင်းနေထိုင်သူ ဒေါ်အားညီက ပြောသည်။

 

ပူတာအိုဒေသတွင် ထင်ရှားသည့် ခါကာဘိုရာဇီ‌ရေခဲ‌တောင်၊ ဖုန်ကန်ရာဇီ ရေခဲတောင်များနှင့် အခြား‌သော သဘာဝ အလှ‌ နေရာများစွာရှိပြီး ယခုဆောင်းရာသီတွင် ဆီးနှင်းများကျ‌သော ဆန်းလွှတ်ချက်‌တောင်သည်လည်း ပြည်တွင်း ခရီးသွား‌များကို ဆွဲ‌ဆောင်နိုင်သည့်‌ နေရာတစ်ခု ဖြစ်လာသည်။

 

ယင်းနေရာသို့ ပူတာအိုမြို့မှ‌ တောင်ခြေ ငါ့လုံဒမ်းဘိုတဲ စခန်းအထိ ၈၆ မိုင်နှင့် ၎င်းနေရာမှ တောင်ထိပ်သို့ ၇ မိုင်ရှိပြီး တောင်ခြေစခန်းတွင် တည်းခိုစရာနေရာနှင့် စားသောက်ဆိုင်များရှိရာ ပူတာအိုမြို့မှ အလွယ်တကူ သွားလာနိုင်ကြောင်း သိရသည်။

 

ဆန်းလွှတ်ချက်တောင်သည် အမြင့်ပေ ၇၇၀၀ ပေရှိပြီး ဒီဇင်ဘာလမှ မတ်လအထိ ဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိကာ ကားလမ်းမတစ်လျှောက် တစ်ပေနှင့် သုံးပေခန့်အထိ နှင်းထူထပ်စွာ ကျရောက်လျက်ရှိကြောင်း သိရသည်။

 

ဆန်းညွှန့်(ပူတာအို)