ပုသိမ်မြို့နှင့် ဝါးခယ်မမြို့နယ်တို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ဆောင်ရွက်ပေး

နေပြည်တော် စက်တင်ဘာ ၈

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပုသိမ်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင် ရွက်ပေးသည်။

 

ကြည့်ရှုအားပေး

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အတူ သွားရောက်ကြည့်ရှုအားပေးပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကို ကာယကံရှင်တစ်ဦးချင်းထံ ပေးအပ်ကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

 

ပေးအပ်

 

ထို့မှတစ်ဆင့် ဝါးခယ်မမြို့နယ် ဦးစီးမှူးရုံးကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ပြောင်းထွက်နှင့် မွေးဖွားမှု၊ သေဆုံးမှုတို့အတွက် လူဦးရေ အတိုး/အလျှော့လုပ်ငန်းစဉ်များ၊ အသက် (၁၈)နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံးသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကောက်ယူဆောင်ရွက်နေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား UID ကောက်ယူဆောင်ရွက်နေမှု၊ မြို့နယ်ရုံး မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုအားပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်