ပုသိမ်မြို့၌ ပြည်သူ့စကားဝိုင်း ကျင်းပ

ပုသိမ် ဩဂုတ် ၁၁

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၇)ရပ်ကွက် သုဓမ္မသင်္ဂဟ ဗုဒ္ဓဓမ္မသင်တန်းကျောင်းတွင် ဩဂုတ် ၆ ရက်မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ် ဝိုင်းဝန်းစုပေါင်းကာကွယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ပြုလုပ်ခဲ့သည်။

 

ဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦးက သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု များအား ကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်များကို ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသော ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြရာ တက်ရောက်လာကြသော ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)