ပုသိမ်-ငွေဆောင် ကားလမ်းဘေးတောတွင်း၌  တောဆင်ရိုင်းတစ်ကောင်ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးလျက်တွေ့ရှိ

ငွေဆောင်   ၂၇   ဇန်နဝါရီ


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့ သဇင်ကျေးရွာအုပ်စု ရှောက်ပင်ချောင်းကျေးရွာ တောင်ဘက် (၃)မိုင်ခန့် တောတွင်း၌ ဇန်နဝါရီ ၂၆ ရက် ည ၁၀ နာရီ ခွဲခန့်က ဆင်တစ်ကောင်သေဆုံးနေကြောင်း သတင်းအရ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားမှုဖြင့် တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ဖြစ်ပွားရာနေရာသို့ သွားရောက်စုံစမ်းခဲ့သည်။

 

ပုသိမ်- ငွေဆောင် ကားလမ်းဘေးတောတွင်း၌ ရေခန်းနေသည့် စမ်းချောင်းအနီးတွင် ဟိုင်းဆင်( မွေးရာပါ အစွယ်မပါ) ဆင်ထီးတစ်ကောင်အား ပြင်ပဒဏ်ရာမရှိ၊ ဝမ်းဗိုက်ဖောရောင် (အလွန်ဖောင်းကားပြီး) ဒူးထောက် အနေအထားဖြင့် သေဆုံးလျှက်ရှိကြောင်း တွေ့ရှိရသည်။


အဆိုပါ တောဆင်ရိုင်းသေဆုံးရသည့် အကြောင်းအရင်း၊ ဆင်အမျိုးအစား၊ အသက်အပိုင်းအခြားတို့ သိရှိနိုင်ရေးအတွက် မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဆရာဝန်များ၊ သစ်တောဉီးစီးဌာနနှင့် သစ်တောရဲတပ်ဖွဲ့များမှ ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


မူမူ (ပြန်/ဆက်)