ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ထိုင်းနှင့် မလေးရှားနိုင်ငံသား ဓာတ်ပုံပညာရှင်များလာရောက်၍ သဘာဝအလှနှင့် ဒေသဓလေ့များကို မှတ်တမ်းတင်ရိုက်ကူး

ရန်ကုန် ဩဂုတ် ၁၀

​မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသွား ဓာတ်ပုံပညာရှင် ၁၂ ဦး ရောက်ရှိလာပြီး ဒေသတွင်း သဘာဝ အလှအပများနှင့် ကျေးလက် ဓလေ့စရိုက်များကို မှတ်တမ်းတင် ရိုက်ကူးလျက်ရှိသည်။

အဆိုပါ ဓာတ်ပုံပညာရှင်အဖွဲ့သည် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းမှ စတင်၍ စူဠာမဏိဘုရား တောင်ဘက်ရှိ ဖိုးမောက်ကြီး တောင်ကုန်းပတ်ဝန်းကျင်၌ စတင်ရိုက်ကူးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ရိုက်ကူးရာတွင် ပုဂံဒေသ၏ သာယာလှပ သောရှုခင်းများကို နောက်ခံထားကာ မြန်မာ့ ကျေးလက်တောင်သူများ၏ စပါးရိတ်သိမ်းခြွေလှေ့ပုံ၊ နွားများဖြင့် ကောက်ရိုးသယ်ယူသည့်ပြကွက်များ၊ အရှေ့အိုးထိန်းကုန်းမှ နေထွက်ချိန်ရှုခင်းနှင့် ဖိုးမောက် ကြီးတောင်ကုန်းမှ နေဝင်ချိန် ပုဂံရှေးဟောင်းဘုရားများ၊ ဧရာဝတီမြစ်နှင့် တန့်ကြည့်တောင်တန်းတို့၏ သဘာဝအလှအပများကို စနစ်တကျမှတ်တမ်းတင် ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံပညာရှင်များသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ အခွန်အခများပေးဆောင်၍ ရိုက်ကူးခြင်းဖြစ်ပြီး စူဠာမဏိဘုရားပတ်ဝန်းကျင်အပြင် မြင်းကပါ၊ ပြာသာဒ်ကြီး၊ မင်းနန်သူနှင့် အနောက်ဖွားစော ကျေးရွာတို့တွင်လည်း ဆက်လက်ရိုက်ကူးသွားမည် ဖြစ်သည်။ ယခုကဲ့သို့ နိုင်ငံတကာဓာတ်ပုံပညာရှင်များ လာရောက်ရိုက်ကူးမှုကြောင့် ပုဂံဒေသရှိဒေသခံ နွားလှည်း၊ မီနီအိုးဝေနှင့် အငှားယာဉ်မောင်းသူများ၊ ဟိုတယ်နှင့် တည်းခိုခန်းများအပါအဝင် ရိုက်ကွင်း ဖန်တီးပေးသူများအတွက် လုပ်ငန်းဝင်ငွေများရရှိကာ ဒေသတွင်းခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွားဘဝကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

TWA