ပုဂံမြို့ မြစေတီ ရာဇကုမာရ်ကျောက်စာရုံအတွင်း ငွေကြေးလှူဒါန်းခြင်း မပြုရန် အသိပေးထုတ်ပြန်

ရန်ကုန် ဩဂုတ် ၁

​ပုဂံမြို့ မြင်းကပါကျေးရွာတွင်တည်ရှိသည့် မြစေတီဘုရားရှိ ရာဇကုမာရ်ကျောက်စာထားရှိရာ ကျောက်စာရုံအတွင်းသို့ ဘုရားဖူးပြည်သူများအနေဖြင့် ငွေကြေးလှူဒါန်းမှုမပြုလုပ်ကြရန် အသိပေးထားပြီး တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

​မြန်မာလူမျိုးတို့၏ သဒ္ဓါတရားနှင့် ယုံကြည်ကိုးကွယ်မှုအရ ပြည်တွင်း ဘုရားဖူးခရီးသွားအများစုသည် မြစေတီဘုရားသို့ရောက်ရှိချိန်တွင် ရာဇကုမာရ်ကျောက်စာထားရှိရာ ကျောက်စာရုံအတွင်းသို့ ငွေကြေးများ ပစ်သွင်းလှူဒါန်းလေ့ရှိကြသည်။​ အဆိုပါကျောက်စာတိုင်သည် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အထိမ်းအမှတ် ကျောက်စာဖြစ်သဖြင့် ​ရှေးဟောင်း ဝတ္ထုပစ္စည်း ထိခိုက်ပျက်စီးမှုမရှိစေရေး၊​ သုတေသီများ၊ ပြည်တွင်း/ပြည်ပ ခရီးသွားများနှင့် ကျောက်စာလေ့လာလိုသူများအတွက် အနှောင့်အယှက်မဖြစ်စေရေး၊ ​မြင်ကွင်းထိခိုက်မှု မရှိစေရေးတို့အတွက် ကျောက်စာတိုင်ကို ကာရံထားသည့် သံတိုင်အတွင်းသို့ ငွေလှူဒါန်း၍မရနိုင်စေရန် သံဆန်ခါအစိတ်ဖြင့် ထပ်မံကာရံသွားမည်ဖြစ်သည်။

​သံဆန်ခါအစိတ် ကာရံသည့်လုပ်ငန်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ ပြုပြင်/ထိန်းသိမ်းရေးဌာနစု၏ အကြံပြုကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် ကျောက်စာတိုင်အတွင်း ငွေကြေးလှူဒါန်းခြင်းမပြုရန် သတိပေးဆိုင်းဘုတ်များ ချိတ်ဆွဲထားရှိရေးနှင့် နောက်ထပ်ငွေကြေးလှူဒါန်းမှုများ မရှိစေရေးအတွက် ဂေါပကအဖွဲ့က ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

​ဘုရားဖူးပြည်သူများအနေဖြင့် မြစေတီဘုရားတွင် အလှူငွေ လှူဒါန်းလိုပါက ဂေါပကအဖွဲ့က သတ်မှတ်ထားရှိသည့် အလှူခံပုံးများနှင့် သတ်မှတ်နေရာများ၌သာ စနစ်တကျလှူဒါန်းကြရန်လည်း အသိပေးထားသည်။ ​ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာသာဖြင့် ရေးထိုးထားသည့် ရာဇကုမာရ် ကျောက်စာသည် မြန်မာစာပေသမိုင်းတွင် အပြည့်စုံဆုံးနှင့် မြန်မာစာ အရေးအသား အစောဆုံးကျောက်စာအဖြစ် ထင်ရှားပြီး ၂၀၁၅ ခုနှစ်တွင် ယူနက်စကို (UNESCO) ၏ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း (Memory of the World Register)ဝင်အဖြစ် သတ်မှတ်ခံထားရသည့် ကျောက်စာတစ်ချပ်ဖြစ်ကြောင်း သိရသည်။

TWA