ပထမခေါင်လန်ဖူး၊ ဒုတိယရှိန်းခေါင်နှင့် လန်ဆယ် (၂)

mdn

သတင်းဆောင်းပါး - ဖုန်ဇီရမ်

 

ပေ ၇၇၀၀ ဆန်းလွတ်ချက်တောင်

 

သည်တောင်ကြီးကို သူတို့ ကျော်နိုင်ပါ့မလား၊ ဒေသခံတော်တော်များများက မဖြစ်နိုင်ဘူးဟု ပြောနေ ကြသည်။ အရှည်လေးမိုင်ခန့်ရှိသော ကျောက်တောင်ကြီး။ ကျွန်တော်တို့ ခရီးသွားတွေအတွက်တော့ မဂွေဇကနေ ငါ့လုံဒမ်း(၂၄/၀) မိုင် ခရီးကို အဆင်ပြေပြေသွားလာ နိုင်ကြပြီ။ မဂွေဇမှ စတင်ဖောက်လုပ်လာသော ကားလမ်းက ငါ့လုံဒမ်းအထိ ပေါက်ပြီ။ ထိုအချိန်မှာ သူတို့က ဆန်းလွတ်ချက် ကျောက်တောင်ကြီးကို ကျော်လွှားနိုင်အောင် ဆက်လက်ကြိုးစားဖောက်လုပ် နေကြဆဲ။ သူတို့ဆိုတာက နယ်စပ်ရေးရာ၀န်ကြီးဌာနက အင်ဂျင်နီယာတွေ၊ ဝန်ထမ်းတွေပါသည်။ လမ်းလုပ်သား ထဲမှာ အညာသားတွေလည်း တွေ့ရ၏။ နတလပိုင် ယာဉ်/ယန္တရားတွေကလည်း အများကြီး။ ထူးထူး ခြားခြား မိုင်းနှင့် ယန္တရားပညာရှင် တပ်မတော်သား တွေကိုပါ တွေ့နေရသောကြောင့် မေးမြန်းကြည့်သော အခါ မြစ်ကြီးနား အင်ဂျင်နီယာတပ်ဖွဲ့မှ အရာရှိ၊စစ်သည် များဖြစ်ကြောင်း သိလိုက်ရသည်။ ကျောက်တောင်ကို မိုင်းခွဲချိန်မှာ ကျွန်တော်တို့ကို ဖြတ်သန်းသွားလာခွင့်မပြု၊ ခေတ္တခဏစောင့်ရပါသည်။ ထိုနေရာမှာ သူတို့ဖောက် လုပ်ချိန် လနှင့်ချီ၍ ကြာသွားသည်ဟု ကျွန်တော် ထင်မြင်မိသည်။ သွားရင်းလာရင်း မျက်မှန်းတန်းပြီး ရင်းနှီးခင်မင်သွားသော နတလဦးစီးဌာနက ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးဒီပါမောင်ကို မေးမြန်းကြည့်ရာ ဒီနေရာက အခက်ခဲဆုံးပဲဗျို့၊ တကယ့်ကျောက်တောင်နဲ့ လာတိုးနေပြီ၊ တစ်ရက်မှာ ၁၀ ပေ လောက်ပေါက်အောင် ကျားကုတ်ကျားခဲချနေရတယ်ဟု ပြောကြားလာသည်။ ထိုနေရာကား မိုင်တိုင်နှင့်တွက်လျှင် ၃၀ နှင့် ၃၂ အကြား ဖြစ်ပါလိမ့်မည်။

 

မှတ်မှတ်ရရ ကျွန်တော်တို့ ခရီးသွားတွေက ဆန်းလွတ်ချက်တောင်ထိပ်ကို ကွေ့ပေါင်း ၂၉ ကွေ့ နေရာမှ တက်နေချိန် သူတို့အဖွဲ့သည် လက်ဝဲဘက် ခပ်လှမ်းလှမ်းရှိ ကသစ်ပင်နေရာမှ ပတ်၍ခွေ၍ ဖောက်လုပ်နေချိန်ဖြစ်သည်။ မိုင်းခွဲသံတွေကလည်း တဂျိမ်းဂျိမ်း။ မိုင်းခွဲရင်းဖြင့် ကျောက်တုံးများ ပြိုကျပြီး လမ်းလုပ်သားနှစ်ဦး အသက်ဆုံးရှုံးသွားကြောင်းကို လည်း စိတ်မကောင်းစွာ ကြားလိုက်ရသည်။ ကျွန်တော်တို့ ရဝမ်၊ လီဆူ၊ ဂျိန်းဖောနှင့် ခန္တီးရှမ်း တိုင်းရင်းသားများကောင်းကျိုးအတွက် အသက်စွန့်သွား ရသည့် အညာသားလေးတွေဖို့ အထူးပဲ စိတ်မကောင်း၊ ဝမ်းနည်းမိသည်၊ ဂုဏ်ယူချီးကျူး ကျေးဇူးလည်းတင်မိပါ သည်။ ကျွန်တော်တို့ တိုင်းရင်းသားတွေမှာ အလေ့အထ တစ်ခုရှိပါသည်။ တောင်အောက်မှ ပင်ပန်းကြီးစွာ တက်လာကြပြီးနောက် တောင်ထိပ်ရောက်ခါနီး၌ ကျောက်တုံးငယ်တစ်ခုကို ကောက်ယူလာကာ တောင်ထိပ်မှာ အမှတ်တရ စုပုံထားရှိခြင်း ဖြစ်ပါသည်။ ကျွန်တော်လည်း ဆန်းလွတ်ချက်တောင်ထိပ်ကို ဖြတ်ကျော် တိုင်း ခဲတစ်လုံး ချခဲ့ဖူးပါသည်။ အောင်မြင်ခဲ့ပြီ ကျော်လွှား နိုင်ခဲ့ပြီ ဆိုသည့်သဘော။ သို့သော်... ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာတော့ ကျွန်တော်တို့ အမှတ်တရ ချထား သော ကျောက်တုံးလေးတွေ ပျောက်ချင်းမလှ ပျောက်သွား ပါတော့သည်။ တစ်စုံတစ်ယောက်က ရွှေ့ပြောင်းယူဆောင် သွားခြင်း မဟုတ်ပါ။ မြေထိုးစက်ကြီးများ၊ မြေကော်မြေညှိ စက်ကြီးများ တောင်ထိပ်သို့ ရောက်ရှိလာပြီး ရှင်းလင်း ဖယ်ရှားပစ်လိုက်ရာ ပေ၂၀၀ ပတ်လည်ခန့် View Point တစ်ခု ဖြစ်သွားပါတော့သည်။ တောင်ထိပ်မှ လှမ်းကြည့်လျှင် မေခမြစ် ကို လှမ်းမြင်နေရသည်။ ရီဒမ်းကြိုးတံတားကိုတော့ ပြတ်ပြတ်သားသား မမြင်ရ။ ဘာပဲပြောပြော ဆန်းလွတ် ချက် ကျောက်တောင်ကြီးကို သူတို့အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီ။

 

လမ်းတစ်ဝက်ဖွင့်ပွဲကျင်းပ

 

လမ်းတစ်ဝက်ဖွင့်ပွဲဟု ရည်ညွှန်းလိုက်ရခြင်းမှာ မဂွေဇ- ခေါင်လန်ဖူးကားလမ်းသည် (၆၅/ ၄) မိုင်ရှိသည်။ ဆန်းလွတ်ချက်တောင်ထိပ်အထိ ၃၃/ ၆ မိုင် ဖြစ်ပါသည်။ ဖောက်လုပ်ပြီးသမျှ မြေလမ်းပေါ်မှာ တံတားများ တည်ဆောက်ခြင်း၊ Box Culvert များ တည်ဆောက်ခြင်း၊ ကျောက်ခင်းခြင်း၊ ကျောက်စီရေမြောင်းများ ပြုလုပ်ခြင်း တို့ ဆောင်ရွက်ပြီးနောက် လမ်းတစ်ဝက်ဖွင့်ပွဲအခမ်းအနား ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ထိုအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားရာမှာ လမ်းတစ်လမ်း ဖောက်လုပ်ခြင်းသည် ဒေသဖွံ့ဖြိုးရေး အတွက် ဖြစ်သလို၊ ထိုထက်ပို၍ အရေးကြီးတာက ပြည်ထောင်စုတိုင်းရင်းသားအားလုံးအကြား နီးစပ်လာ အောင် လုပ်ပေးခြင်းဖြစ်ကြောင်း၊ ထိတွေ့မှု တံတားကြီး တစ်ခု တည်ဆောက်လိုက်တာနှင့်တူကြောင်း၊ ဒီလမ်းကို အင်မတန် ခက်ခက်ခဲခဲ ဖောက်လုပ်နေရတယ်ဆိုတာ သိပါကြောင်း၊ ဘယ်လိုခက်ခဲပါစေ တကယ်ဆန္ဒရှိရင် လုံ့လ၊ ဝီရိယနဲ့ စုပေါင်းပြီး လုပ်သွားမယ်ဆိုရင် မကျော်လွှား နိုင်တဲ့အခက်အခဲ ဘာမှမရှိဘူးဟု ပြောကြားသွားသည်ကို ကျွန်တော်အမှတ်ရမိပါသည်။

 

ရီဒမ်းတံတားကို ကျော်ခဲ့ပြီ

 

ဆန်းလွတ်ချက်တောင်ထိပ်အထိ လမ်းပေါက်ပြီ ဆိုတာကို ဒေသခံများ ကြားနေရသော်လည်း မျက်မြင် ကိုယ်တွေ့မဟုတ်၍ သိပ်မယုံချင်။ ဟော... လက်ရှိ ရဟတ်ယာဉ်ကွင်းများ ဖောက်ထားသောနေရာ ဖူလွမ်း ကို စက်ယန္တရားကြီးများ ရောက်ရှိလာချိန်မှာ အားလုံး လာရောက် ကြည့်ရှုကြပြီး အံ့သြဝမ်းသာ ဖြစ်ကြသည်။ သူတို့တစ်သက် ဒီနေရာမှာ တောင်ယာလယ်ကွက်လေး တွေပဲ အမြဲရှိနေမည်၊ ယခုလို စက်ယန္တရားကြီးများ ရောက်လာပြီး တူးကြ၊ ဆွကြ ၊ ထိုးကြ၊ ကော်ကြသည့် မြင်ကွင်းကို မြင်ကြရလိမ့်မည်ဟူ၍ လည်းကောင်း၊ ကားလမ်းကြီးတစ်ခု ဆန်းလွတ်ချက်တောင်ထိပ်ကနေ ဘွားခနဲ ပေါ်ပေါက်လာမည်ဟူ၍ လည်းကောင်း ဘယ်တုန်းကမှ ထင်မထားကြချေ။ အဆိုပါ ဖူလွမ်း ကျေးရွာအနီး (၄၁/ ၀) မိုင် နေရာသည်ပင်လျှင် များ မကြာမီမှာ ကားဂိတ်နေရာ၊ ဆိုင်ကယ်တက္ကစီနေရာ ဖြစ်သွားပြီး လူအတက်အဆင်း၊ ကုန်အတင်အချနေရာ လေး ဖြစ်လာခဲ့သည်။

 

မေခမြစ်ကူး ရီဒမ်းကြိုးတံတားတည်ရှိရာနေရာသည် (၄၃/၁) မိုင် ဖြစ်ပါသည်။ ထိုနေရာသို့အရောက်တွင် စက်ယန္တရားကြီးများကို ကူးတို့ဖောင်ဖြင့် ဖြတ်ကူး ပို့ဆောင်ပေးပြီး လမ်းဆက်ဖောက်ကြသည်ကို တွေ့ရ၏။ မူလက လူနှင့် ဆိုင်ကယ်များသာ ဖြတ်ကူးနိုင်သော ရီဒမ်းကြိုးတံတားကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ပြန်လည်ပြုပြင်ပြီး ကားလေးများ ဖြတ်ကူးနိုင်သည့် ခံနိုင်ဝန်ရသည်အထိ ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ကုန်စည်စီးဆင်းမှု မြန်ဆန်သွက်လက်စေရန်အတွက် ဆန်အိတ် ၁၂၀ ခန့်၊ စက်သုံးဆီဆိုလျှင် ပီပါ ၃၀ ခန့် အထိ တင်ဆောင်ဖြတ်ကူးနိုင်သော စက်လှေတစ်စင်းကို လည်း မေခမြစ်အတွင်း ထားရှိပေးခဲ့သည်။ ကားလမ်း အစပြုရာ မဂွေဇရွာဟောင်းအနီးက ကဆန်ခချောင်းကူး တံတား တည်ဆောက်ရေးကို ဆောက်လုပ်ရေး၀န်ကြီး ဌာနက Feasibility study စတင်ဆောင်ရွက်ပြီး မေခမြစ်ကူး ရီဒမ်းကြိုးတံတားနေရာတွင် တံတားကြီး တစ်စင်း တည်ဆောက်ပေးရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ နောင်အနာဂတ် ခေါင်လန်ဖူးဒေသအတွက် ကောင်းလေစွ။

 

ဂရုဝမ်ကွေ့အလွန်မှာ

 

ရီဒမ်းမြစ်ကူးတံတားကျော်ပြီး တွေ့ရှိရသော အခက် ခဲဆုံးချောက်ကမ်းပါးယံနှင့် ချောက်ရှိသော ဂရုဝမ်ကွေ့ နေရာ ကားလမ်းဖောက်သည့်အခါ၌လည်း လမ်းအူ ကြောင်း အသစ်ရှာရခြင်း၊ မတ်စောက်သောနေရာကို အဆင်ပြေပြေ ဖောက်လုပ်နိုင်အောင် ခွေရ၊ ဝိုက်ရ၊ ပတ်ရခြင်းတို့ကြောင့် လားဝမ်ထုနှင့် ဂရုဝမ်အကြားတွင် စုစုပေါင်း ၆၇ ရက်မျှ ဖောက်လုပ်ခဲ့ရကြောင်း သိရသည်။ စောစောက ပြောခဲ့သည့် မိုင် ၃၀ နှင့် ၃၂ အကြား ဆန်းလွတ် ချက်ကျောက်တောင်ကြီးကို ၂၀၁၈ ဖေဖော်ဝါရီလ ၅ ရက် နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ရက်ပေါင်း၂၂၇ ရက် မျှကြာအောင် ကြိုးစားဖောက်လုပ်ခဲ့ရကြောင်းလည်း ကြားသိခဲ့ရသည်။ ဂရုဝမ်ကွေ့မှာ အတက်ခြောက်ထပ် ခုနစ်ကွေ့နှင့် အဆင်းခုနစ်ထပ် ရှစ်ကွေ့ဟု ကျွန်တော်တို့က ခေါ်ကြသည်။ ယခင် ဆိုင်ကယ်လမ်းပဲရှိစဉ်က ထိုနေရာ ရောက်လျှင် နောက်ကပါလာသောလူ ဆင်းပေးရသည်။ အတက်အဆင်းမတ်စောက်၍ဖြစ်သည်။ ဂရုဝမ်ချိုင့်ဝှမ်း (ခေါ်)ဂရုဝမ်ကွေ့နေရာသည် (၄၈/ ၀) မိုင်နေရာဖြစ်၏။ ကားလမ်းဖောက်လုပ်ရေးအဖွဲ့ နောက်ဆုံးရောက်ရှိနေသော နေရာမှာ (၄၉/၀) မိုင် ဖြစ်ပေရာ များမကြာမီ ခေါ်ဘူဒဲ မြို့ဟောင်းနေရာ လမ်းခွဲသို့ ရောက်ပါတော့မည်။

 

ခေါ်ဘူဒဲအမှတ်တရ

 

မချမ်းဘော၊ နောင်မွန်နှင့် ခေါ်ဘူဒဲတို့သည် တစ်ချိန်က ကျေးရွာအဆင့်မျှသာ။ ကျွန်တော် လေ့လာမှတ်သားမိ သလောက်ဆိုလျှင်ဖြင့် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ တာဝန်ယူပြီး ၁၉၆၀ ပြည့်နှစ်၌ ပူတာအိုနယ်ခြားခရိုင် ဖွဲ့စည်းချိန်မှာ မြို့အဆင့်သတ်မှတ်ပေးခဲ့သည်။ သို့သော် ပထဝီအနေအထားအရ ခေါင်လန်ဖူးက ပိုမိုသင့်လျော် ကြောင်း တွေ့ရ၍ ၁၉၉၆ ခုနှစ်တွင် မြို့နယ်ရုံးများကို ခေါင်လန်ဖူးသို့ ပြောင်းရွှေ့ပေးခဲ့သည်။ လက်ရှိ ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက် လေးခု၊ ပတ်ဝန်းကျင် ကျေးရွာအုပ်စု ၂၃ စု၊ အိမ်ခြေ ၂၁၈၆ အိမ်၊ အိမ်ထောင်စု ၂၁၈၉ စု၊ လူဦးရေစုစုပေါင်း ၁၄၈၉၁ ဦး နေထိုင်လျက်ရှိကြ သည်။

 

အနီးကပ်ကြီးကြပ်ထောက်ပံ့

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခေါင်လန်ဖူးဒေသသို့ မကြာမကြာ ရောက်ရှိခဲ့သည်။ ခေါင်လန်ဖူးဒေသ လမ်းပေါက်ရေး အတွက် လိုအပ်သမျှကို တက်ကြွစွာ အနီးကပ်ကြီးကြပ် ထောက်ပံ့ပေးနေသူဖြစ်သည်။ ယမန်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ခရီးစဉ်၌ ခေါင်လန်ဖူးဒေသ ရပ်မိ ရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဝန်ထမ်းများ၊ ပြည်သူ့ စစ်ဌာနေ အဖွဲ့ဝင်များနှင့် တွေ့ဆုံရာ ကျွန်တော်လည်း တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဒေသဖွံ့ဖြိုးရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် မြေပေါ်မြေအောက် သယံဇာတများ ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ မူးယစ်ဆေးဝါးပြဿနာ လုံးဝအဝင်မခံရန်၊ ဒေသတွင်း ဆန်ဖူလုံရေး၊ ဒေသနှင့် ကိုက်ညီသည့် စားကုန်သောက် ကုန်များ ထုတ်လုပ်နိုင်ရေး၊ မြို့မိ မြို့ဖများနှင့် ဌာနဆိုင်ရာ များ ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

 

 

(ဆက်လက်ဖော်ပြပါမည်)