နေပြည်တော် အောက်တိုဘာ ၁၆
ရန်ကုန်မြို့တွင်ပြုလုပ်သည့် ပထမအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (1st Myanmar-Russia Navy to Navy Talks) သို့ တက်ရောက်ရန်အတွက် ရုရှားရေတပ်မှ Major General Andrey Nikolaevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ ပြီး တပ်မတော်(ရေ)မှ ကိုယ်စားလှယ်အဖွဲ့နှင့် ဧရာဝတီရေတပ် စခန်းဌာနချုပ်၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက်ဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ရေယာဉ်များ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးချက်များ အား သဘောတူလက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းတွင် ဧရာဝတီရေတပ် စခန်းဌာနချုပ်၌ ပြုလုပ်ခဲ့ပြီး အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။
ပထမအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သော ရုရှားရေတပ်မှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများနှင့် တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(၁၀၀)


