ပန်တိုဂျာကို အနိုင်ယူပြီး UFC ကမ္ဘာ့ဖလိုင်းဝိတ် ချန်ပီယံခါးပတ် ထပ်မံကာကွယ်နိုင်ခဲ့သည့် ဂျော့ရှုဝါဗန်

 

လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၂၀

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့၌ စက်တင်ဘာ ၂၀ ရက်က ကျင်းပခဲ့သည့် UFC 331 ပြိုင်ပွဲ၏ ခေါင်ပွဲစဉ်ဖြစ်သော ကမ္ဘာ့ဖလိုင်းဝိတ်တန်း ချန်ပီယံကာကွယ်ပွဲတွင် လက်ရှိချန်ပီယံ မြန်မာဖိုက်တာ ဂျော့ရှုဝါဗန်က စိန်ခေါ်သူ အာလက်ဇန္ဒား ပန်တိုဂျာကို အနိုင်ရရှိပြီး ချန်ပီယံခါးပတ်ကို အောင်မြင်စွာကာကွယ်နိုင်ခဲ့သည်။

 

အဆိုပါပွဲစဉ်တွင် နှစ်ဦးစလုံး ငါးချီပြည့်သည်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ပွဲအပြီးတွင် ဂျော့ရှုဝါဗန်က ပန်တိုဂျာကို ဒိုင်အမှတ်ဖြင့် အနိုင်ရရှိကာ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဆက်လက်ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ယခုပွဲစဉ်တွင် ဂျော့ရှုဝါဗန်သည် ပြိုင်ဘက်ကို လက်ရည်အသာဖြင့် ထိန်းချုပ်ထိုးသတ်သွားခဲ့ပြီး စစ်မှန်သော ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်ကြောင်း ထပ်မံသက်သေပြနိုင်ခဲ့သည်။ ဗန်သည် ယခုနှစ် မေ ၉ ရက်က ကျင်းပခဲ့သည့် ပထမဆုံး ချန်ပီယံကာကွယ်ပွဲတွင်လည်း ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို ပဉ္စမအချီ၌ ဒိုင်ပွဲရပ်အလဲထိုး (TKO) ဖြင့် အနိုင်ရရှိထားသူဖြစ်သည်။

 

ဂျိုရှူအာဗန်သည် နောက်ဆုံးထိုးသတ်ခဲ့သည့် UFC ပွဲစဉ် ရှစ်ပွဲဆက်တိုက် အနိုင်ရရှိထားပြီး ပန်တိုဂျာကို နှစ်ကြိမ်တိုင်အနိုင်ယူခဲ့သည့် ပွဲစဉ်များအပါအဝင် UFC ပွဲပေါင်း ၁၂ ပွဲတွင် ၁၁ ပွဲအထိအနိုင်ရရှိကာ တစ်ပွဲသာ အရေးနိမ့်ထားသည့် မှတ်တမ်းကောင်းကို စိုက်ထူထားနိုင်ခဲ့ကြောင်း သိရသည်။

 

အခြားပွဲစဉ်များဖြစ်သည့် လိုက်ဝိတ်တန်းပွဲစဉ်၌ အာမေးနီးယား ဖိုက်တာ အာမန် ဆာရုကယန် က ဘရာဇီးလ် ဖိုက်တာ မော်ရီစီယို ရူဖီ ကို ဒိုင်ပွဲရပ်အလဲထိုး (TKO) ဖြင့် အနိုင်ရရှိခဲ့သည်။

 

ဖယ်သာဝိတ်တန်း ပွဲစဉ်များတွင် ဘရာဇီးလ် ဖိုက်တာ ဂျိုအန်ဒါဆန် ဘရီတို က ဂျော်ဂျီယာ ဖိုက်တာ ဂီဂါ ချီကာဇီ ကို ဒိုင်ပွဲရပ်အလဲထိုး (TKO) ဖြင့် အနိုင်ရရှိခဲ့သလို အခြား ဖယ်သာဝိတ်တန်းပွဲစဉ်တွင်လည်း ဘရာဇီးလ် ဖိုက်တာ ပက်ထရီစီယို ပစ်ဘားလ် က ကိုရီးယား ဖိုက်တာ ဒူဟို ချွိုင်း ကို အလဲထိုး (KO) ဖြင့် အနိုင်ရခဲ့သည်။

 

ဘန်တမ်ဝိတ်တန်းတွင် အီကွေဒေါ ဖိုက်တာ မာလွန် ဗီရာ က ကနေဒါ ဖိုက်တာ ချားလ်စ် ဂျော်ဒန် ကို အလဲထိုး (KO) ဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသမီး ဖလိုင်းဝိတ်တန်းတွင် ဩစတြေးလျ ဖိုက်တာ ကေစီ အိုနီးလ် က ဘရာဇီးလ် ဖိုက်တာ အက်ဒူအာဒါ မူရာ ကို ချုပ်ကွက်ဖြင့် အနိုင်ရရှိခဲ့သည်။

 

ထို့ပြင် မစ်ဒယ်ဝိတ်တန်းတွင် ဘရာဇီးလ် ဖိုက်တာ ရိုင်ယန် ဂန်ဒရာ က အမေရိကန် ဖိုက်တာ အိုဇီ ဒိုင်ယက်ဇ် ကို ဒိုင်ပွဲရပ်ဖြင့်လည်းကောင်း၊ လိုက်ဟဲဗီးဝိတ်တန်းတွင် အမေရိကန် ဖိုက်တာ မန်နီဖီးလ် က ပိုလန် ဖိုက်တာ ဘာရန်နီယက်စကီ ကိုလည်းကောင်း၊ ဟဲဗီးဝိတ်တန်းတွင် အမေရိကန် ဖိုက်တာ ဆင်းရှာရက်ဖ် က စတီးဗက်ဆန် ကို အလဲထိုး (KO) ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

နေမျိုး၊ ဓာတ်ပုံ-UFC