ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုဖြင့် စားအုန်းဆီလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးနှင့် ပြည်ပမှ တင်သွင်းမှုလျှော့ချနိုင်ရေး ဆီအုန်းမျိုးသစ်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

နေပြည်တော် အောက်တိုဘာ ၂၀

 

၁၉၉၉ ခုနှစ်မှစ၍ “တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်ရမည်” ဟူသော ရည်မှန်းချက်ဖြင့် ဆီအုန်းဧက ငါးသိန်းအထိ တိုးချဲ့ စိုက်ပျိုးရန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၃ ဒသမ ၉၆ သိန်း၊ ဆီသီးခိုင် တန်ချိန် ၆ ဒသမ ၁၈ သိန်း ထွက်ရှိခဲ့ ကာ ဆီအုန်းသုတေသနမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စုစုပေါင်း ၂၉၉ ဒသမ ၄ ဧက ဆောင်ရွက်ထားရှိ၍ အပင်တစ်သျှူးမွေးမြူရေး (Tissue Culture) နည်းစနစ်ဖြင့် ဆီအုန်းမျိုးမွေးမြူရေး သုတေသနလုပ်ငန်း များကိုလည်း ဆောင်ရွက်လျက်ရှိပြီး ဆီအုန်းမျိုးသစ်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကဏ္ဍတို့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး ဆီအုန်းကုမ္ပဏီများနှင့် ဆွေးနွေးပွဲမှ သိရသည်။

 

ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တနင်္သာရီတိုင်းဒေသကြီးအတွင်း လိုအပ်သော ဆီကြမ်းစက်ရုံနှင့် ဆီချောစက်ရုံများ တည်ဆောက် ရေးအတွက် ရင်းနှီးမြှုပ်နှံလိုသော လုပ်ငန်းရှင်များနှင့် ပူးပေါင်းချိတ်ဆက် ဆွေးနွေးအကောင်အထည်ဖော်ခြင်း၊ လုပ်ကွက်ငယ်တောင်သူများ အကျိုးစီးပွားအတွက် ဆီကြမ်းစက်ရုံကြီးများရှိသည့် ကုမ္ပဏီကြီးများနှင့် အကျိုးတူလယ်ယာစနစ် လုပ်ဆောင်နိုင်ရေး ချိတ်ဆက်ကူညီပေးခြင်း၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု တန်ဖိုးကွင်းဆက်တစ်ခုလုံး တိုးတက်စေရေး ဟန်ချက် ညီသော အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Harmonized Private Public Partnership)ဖြင့် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးရန် စီမံသွားရမည်ဖြစ်ပါကြောင်း၊ မြိတ်ဒေသမြောက်ခြမ်းတွင် ဆီသီးခိုင် အထွက်နှုန်းနည်း၍ ဆီအုန်းပင်များ ဖျက်သိမ်းကာ မျိုးကောင်းရော်ဘာများ အစားထိုးစိုက်ပျိုးရန် စီမံသွားရေးညွှန်ကြားခဲ့ပြီးဖြစ်၍ အစီအမံများ တင်ပြရန်ဖြစ်ကြောင်း။

 

ဆီအုန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီအုန်းစိုက်ပျိုးသူ၊ ထုတ်လုပ်သူများ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်စေရန်အတွက် ထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးနှုန်းရရှိရေး၊ အရည်အသွေးမြှင့်တင်ရေးအတွက် လိုအပ်သောထိန်းကျောင်းမှုများ ဆောင်ရွက်သွားနိုင်ရန် တိုင်းဒေသကြီးအစိုးရ၊ ဆီအုန်းလုပ်ငန်းရှင်၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

တွေ့ဆုံပွဲတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်တို့ရှိ ဆီအုန်း ကုမ္ပဏီများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက မြေယာ လုပ်ကိုင်ခွင့်လျှောက်ထားရယူခဲ့မှု၊ လုပ်ကိုင်ခွင့်ရ မြေပေါ်တွင် ဆီအုန်းစိုက်ပျိုးခဲ့မှု၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့သော ဆီအုန်းစိုက်ခင်းများ ပြန်လည် ဖြည့်စွက်စိုက်ပျိုးမည့် အခြေအနေ၊ လက်ရှိဆီအုန်း အသီးခူးလုပ်ငန်း ဆောင်ရွက်နိုင်မှုနှင့် ဆီသီးခိုင် ရောင်းချမှုအခြေအနေ၊ ဆီသီးခိုင်မှ ဆီကြမ်းထုတ်လုပ် နိုင်မှုအခြေအနေနှင့် ဒေသအတွင်း ဆီကြမ်းစက်ရုံတိုးချဲ့တည်ဆောက်ရန် လိုအပ်ချက်များ၊ ဆီကြမ်းမှ ဆီသန့်ထုတ်လုပ်နိုင်မှု အခြေအနေနှင့် ဒေသအတွင်း ဆီသန့်စက်ရုံတည်ဆောက်ရန် လိုအပ်ချက်၊ လက်ရှိ ဆီသီးခူးဧရိယာများ၏ သက်တမ်းနှင့် စီးပွားရေး သက်တမ်းကုန်ဆုံးပါက ပြန်လည်အစားထိုး စိုက်ပျိုး မည့်အခြေအနေနှင့် စီးပွားရေးသက်တမ်း ကုန်ဆုံးပါက ဆီအုန်း အခင်းသစ် ပြန်လည်အစားထိုးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် ရယူအသုံးပြုစိုက်ပျိုးမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့က ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်