ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် ရန်ကုန်မြို့အခြေစိုက် အင်ဒိုနီးရှားသံရုံး သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၂၂

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်သည် ရန်ကုန်မြို့ အခြေစိုက် အင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Novan Ivanhoe Saleh ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ ဆရာအတတ်ပညာသင်ကောလိပ် ၂၅ ခု တို့မှ ဆရာ ဆရာမများ၏ သင်ကြားရေးစွမ်းရည် မြှင့်တင်နိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ ပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင်ပြနည်းစနစ် (Teaching Methodology) ဆိုင်ရာ သင်တန်းများ ပံ့ပိုးပေးနိုင်ရေး၊ အင်ဒိုနီးရှားနိုင်ငံရှိ တက္ကသိုလ်များတွင် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများအတွက် ပညာသင် ဆုအစီအစဉ်များ ရရှိနိုင်ရေး၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်(YUFL)နှင့် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ် (MUFL)တို့တွင် အင်ဒိုနီးရှား ဘာသာစကား သင်ကြားနိုင်ရေး၊ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီ ကောလိပ်၏ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်များအတွက် အင်ဒိုနီးရှား နိုင်ငံရှိ ခရီးသွားလုပ်ငန်းအထူးပြု တက္ကသိုလ်များနှင့် ချိတ်ဆက်၍ ကျောင်းသားများ အပြန်အလှန် လေ့လာရေး အစီအစဉ်များ ဆောင်ရွက်ရေးနှင့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်း လာစေရေးကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်