နေပြည်တော် အောက်တိုဘာ ၃
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူ ၂၆၇ ဦးသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်သို့ သွားရောက်လေ့လာကြသည်။
ထို့ပြင် ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီ၊ ရွှေသာလျောင်းစေတီနှင့် မဟာစေတီတို့ကို သွားရောက် ဖူးမြော်လေ့လာကြပြီး အလှူငွေများ လှူဒါန်းကြသည်။
အဆိုပါ လေ့လာရေးခရီးစဉ်ကို ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ တည်ငြိမ် အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ အေးချမ်းသာယာမှုကို လက်တွေ့သိရှိပြီး နိုင်ငံ့တာဝန်များကို ကျရာအခန်းကဏ္ဍက တာဝန်ထမ်းဆောင်သည့်အခါ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များအား သိရှိစေရေး ပြန်လည်မျှဝေနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
သတင်းစဉ်


