ပြည်ထောင်စုသန္နိဋ္ဌာန် ခိုင်ကျည်မြဲမြဲ

နေပြည်တော်

၂၀၁၉ ခုနှစ် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့က ဘားအံမြို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အခမ်းအနားသို့ တက်ရောက်ပြီး ပြောကြားခဲ့သည့် နှုတ်ခွန်းဆက်စကားတွင် ပြည်ထောင်စုသားအားလုံး၏ နှလုံးသားတွင် ခိုင်ကျည်မြဲမြံစွဲထင်စေမည့် ပြည်ထောင်စု၏ သန္နိဋ္ဌာန်သဘော ကို ကြားသိလိုက်ရသည်။

ပြည်ထောင်စုသားအားလုံးအတွက် နိုင်ငံတော်သမ္မတ နှိုးဆော်ခဲ့သည့် ပြည်ထောင်စု၏သန္နိဋ္ဌာန်သည် ယခုဆိုလျှင် ငြိမ်းချမ်းရေးအလင်းရောင် ရရှိပြီး ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များ ခံစားနေရပြီဆိုသည်ကို အားလုံး မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်ပါကြောင်း၊ ရှေ့ဆက်ပြီး ပြည်ထောင်စုကြီး တစ်ခုလုံး ငြိမ်းချမ်းရေးရရှိပြီဆိုပါက ပြည်ထောင်စုကြီးတစ်ခုလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်သွားမည် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များ ဆက်လက် ခံစားနိုင်ရန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးရရှိရန် မိမိတို့အားလုံး ပြည်ထောင်စုစိတ်ဓာတ်နှင့်အတူ တစ်နည်းအားဖြင့် ကရင်ပြည်နယ်တွင် ထင်ရှားသည့် ဇွဲကပင်တောင်ကို သက်သေတည်ပြီး တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်ကို မယိုင်မလဲ ခိုင်ခိုင်မြဲမြဲ ကမ္ဘာတည်သရွေ့ ဆက်လက်ထိန်းသိမ်းကြရန် တိုက်တွန်းထားသည့် အချက်ပင်ဖြစ်သည်။

ကျွန်ုပ်တို့ပြည်ထောင်စုကြီးသည် ကမ္ဘာတည်သရွေ့ မယိုင်မလဲခိုင်မြဲနေသည့် ပြည်ထောင်စုကြီးဖြစ်ပါသည်။ နိုင်ငံတော်သမ္မတကကရင်ပြည်နယ်နေ့တွင် ကရင်ပြည်နယ်မှ ဇွဲကပင်တောင်ကို သက်သေထား၍ ပြောကြားသကဲ့သို့ ကချင်ပြည်နယ်တွင် ခါကာဘိုရာဇီတောင်၊ ရှမ်းပြည်နယ်တွင် အင်းလေးကန်၊ ကယားပြည်နယ်တွင် တောင်ကွဲစေတီ စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတို့၌ အသီးသီးအထင်အရှား တည်ရှိနေသော အထိမ်းအမှတ်လက္ခဏာများကို သက်သေတည်ပြီး ပြည်ထောင်စုသန္နိဋ္ဌာန် ပြုကြရမည်ဖြစ်သည်။ တိုင်းရင်းသား ပြည်သူအားလုံးတို့အနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ထားရမည် ဖြစ်သည်။

ပြည်ထောင်စုကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အရေးတကြီး လိုအပ်နေသောအချက်မှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်။ ပြည်ထောင်စုကြီး တစ်ခုလုံးငြိမ်းချမ်းပါမှ ငြိမ်းချမ်းရေးအသီးအပွင့်များကို တိုင်းရင်းသား ပြည်သူအားလုံး တစ်ပြေးညီအတူတကွ ရရှိခံစားနိုင်မည်ဖြစ်သည်။ ယခုအခါ အချို့ပြည်နယ်များရှိ ဒေသအချို့၌ မငြိမ်းချမ်းမှုအချို့ ရှိနေသေးသော်လည်း ပြည်ထောင်စု၏ ဒေသအများစုတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လက်တွဲပူးပေါင်းမှုကြောင့် ငြိမ်းချမ်းရေး အလင်းရောင်များ ရရှိနေပြီဖြစ်သည်။ ငြိမ်းချမ်းရေးရောင်ခြည်သန်းသည်နှင့်ပင် ငြိမ်းချမ်းရေး အသီးအပွင့်များကို ခံစားခွင့်ရရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ဆက်လက်၍ အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးကို ကြိုးပမ်းတည်ဆောက် နေသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖြစ်သည်။ ပြည်ထောင်စု နိုင်ငံတော်ဖြစ်သည်နှင့်အညီ ပြည်ထောင်စုသား အားလုံးတို့သည်ပြည်ထောင်စု စိတ်ဓာတ်ကို ကိုယ်စီကိုယ်စီ ထားရှိကြရန်လိုအပ်သည်။ ထိုပြည်ထောင်စု စိတ်ဓာတ်သည်သာ ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲပြီး စည်းလုံးညီညွတ်သော၊ တစ်ပါးနိုင်ငံတို့၏ ဗိုလ်ကျစိုးမိုးခွင့်မရှိသော၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိသော၊ တိုင်းရင်းသားများအားလုံး လိုလားသည့် ဒီမိုကရေစီဖက်ဒရယ်ဖြစ်သော၊ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီး ပေါ်ပေါက်လာမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်သမ္မတ မှာကြားသကဲ့သို့ ပြည်ထောင်စုသားအားလုံး၏ နှလုံးသားတွင် ခိုင်ကျည် မြဲမြံစွာစွဲကျန်နေရမည့် ပြည်ထောင်စု၏ သန္နိဋ္ဌာန်အဖြစ် တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံးတို့ရှိ တိုင်းရင်းသားအားလုံးတို့၏ ထင်ရှားသည့်အထိမ်းအမှတ်လက္ခဏာများကို သက်သေပြုပြီး ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့ မယိုင်မလဲခိုင်ခိုင်မြဲမြဲ တည်ရှိနေရန် ပြည်ထောင်စုစိတ်ဓာတ်ကို ကိုယ်စီကိုယ်စီ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။

ကြေးမုံ