ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ  ရုရှားနိုင်ငံအခြေစိုက် Areal Group of Companies ၏ အကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက် ဂါရဝပြုတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ - ၂၈

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ရုရှားနိုင်ငံ Areal Group of Companies ၏အကြီးအကဲ Mr. Vladislav V. SVIBLOV ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က ယနေနံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတရုံးတော် ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးအောင်ကျော်ဟိုးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားနိုင်ငံ Areal Group of Companies ၏ အကြီးအကဲနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Iskander K. AZIZOV  နှင့်ကိုယ်စားလှယ် အဖွဲ့ဝင်များတက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု ၊ ပညာရေး ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိမှု ၊ နှစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှုတို့ကို များစွာ အထောက်အကူပြုစေနိုင်မည့် သတ္တုရှာဖွေတူးဖော်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေ၊ သတ္တုတူးဖော်ခြင်းနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ရုရှားနိုင်ငံ Areal Group of Companies ၏ အကြီးအကဲ ဖြစ်သူတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)