ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၂၈

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက် ကြသည်။

 

နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရတစ်ရပ်အနေဖြင့် တိုင်းပြည် သာယာဝပြောရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမြဲမပြတ် ရွက်ဆောင် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးကြသည့် နိုင်ငံများအနက် ရွေးကောက်ပွဲတွင်အနိုင်ရရှိပြီး နိုင်ငံကိုဦးဆောင်လျက် ရှိနေသည့် အစိုးရအဖွဲ့များရှိသကဲ့သို့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရေး ပြင်ဆင်နေကြသည့် အစိုးရအဖွဲ့များလည်း ရှိကြကြောင်း၊ နိုင်ငံတကာနှင့် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းတွင် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာများကို လေ့လာကြည့်မည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်ပေးနိုင်သည့် အစိုးရအဖွဲ့များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ ထောက်ခံ အားပေးမှုကို ရရှိကြပြီး သမိုင်းကြောင်းတွင်လည်း မှတ်ကျောက်တင်ခံနိုင်ကြသည့် နာမည်ကောင်းများဖြင့် မှတ်တမ်း ကျန်ရှိခဲ့ကြကြောင်း၊ ထို့အတူရွေးကောက်ပွဲများတွင် ဆွဲဆောင်စည်းရုံးမှုကောင်းစွာဖြင့် အနိုင်ရရှိခဲ့ ကြပြီး အမှန်တကယ် နိုင်ငံ့တာဝန်များကို ဦးဆောင်ရသည့်အချိန်တွင် မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာခဲ့သည့်၊ အားရဖွယ်လုပ်ဆောင်ချက်များမရှိဘဲ ပြည်သူတို့၏ လူမှုစီးပွားဘဝများကို ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ပေးနိုင်မှုများမရှိခဲ့သည့် အစိုးရအဖွဲ့များလည်းရှိကြကြောင်း၊ နိုင်ငံ၏ သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါကလည်း ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်  အနိုင်ရရှိပြီး တက်လာခဲ့သည့် ပါတီစုံဒီမိုကရေစီ ဒုတိယအစိုးရအဖွဲ့အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ မျှော်မှန်းထားသည့် အတိုင်းအတာတစ်ခုအထိ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှုမရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ် ကြောင်း။

 

ထိုသို့ဖြစ်ပေါ်ခဲ့မှုကြောင့် ပြည်သူများအနေဖြင့် အာဏာရအစိုးရနှင့် ရွေးကောက်ပွဲအပေါ် အာရုံစိုက်မှု နှင့် အလေးအနက်ထားမှုများ လျော့ပါးလာခဲ့ကြပြီး No Vote လှုပ်ရှားမှုများအထိပင် ဖြစ်ပေါ် လာခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်ခြင်းသည် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာမှုကို ထိခိုက်စေခြင်းပင် ဖြစ်ကြောင်း၊ ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိရေးအတွက် မသမာသောနည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့မှုများ ကြောင့် ကြီးမားသည့်မဲစာရင်းကွာဟမှုများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ၏ရွေးကောက်ပွဲ သမိုင်းတွင် အမည်းစက်တစ်ခုအဖြစ် ထင်ကျန်စေခဲ့ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူ၍ တိုင်းပြည်သာယာဝပြော ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်ချက်ထား၍ အမြဲမပြတ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့သမိုင်းတွင် မှတ်ကျောက် တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှနှင့် နိုင်ငံ၏ ရေခံမြေခံကောင်းများ၊ အရင်းအမြစ်များကို မှန်မှန်ကန်ကန် ပေါင်းစပ်အသုံးချ၍ ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတက်ရေး ကြိုးပမ်းဆောင်ရွက်

မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စီးပွားရေး လုပ်ငန်းများနှင့် မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲသည့် စီးပွားရေးလုပ်ငန်း များကို ရှေးအစဉ်အဆက်ကတည်းက ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ရာ၌ မိရိုးဖလာနည်းလမ်းများ ကို အသုံးပြုဆောင်ရွက်ခြင်းမှ ဖောက်ထွက် ကာ စဉ်ဆက်မပြတ် ပြောင်းလဲနေသည့် ခေတ်မီနည်းပညာများကို အသုံးပြု၍ သုတေသနပြု လေ့လာသုံးသပ်ပြင်ဆင် ဆောင်ရွက်သွားကြမည်ဆိုပါက နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ကြရာတွင်လည်း အမှန်တကယ်အလုပ်လုပ်ကြရန်နှင့် စွမ်းအားပြည့် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်သွင်းအားစုများကိုလည်း ဖြည့်ဆည်းပေးနိုင်ရန်လိုကြောင်း၊ အမှန်တကယ် အလုပ်လုပ်ကြမည်ဆိုပါက ထုတ်ကုန်ပစ္စည်းများရရှိလာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်ပသွင်းကုန်များကိုလျှော့ချနိုင်ကာ ပြည်ပပို့ကုန်များကို တိုးမြှင့်ရရှိလာမည်ဖြစ်သဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

 

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများ၊ သယံဇာတအရင်းအမြစ်များ ကို ထုတ်ယူသုံးစွဲသည့် လုပ်ငန်းများအပြင် ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်သည့် အထည်ချုပ်လုပ်ငန်း (CMP) ဆောင်ရွက်ကြသည်များလည်းရှိပြီး ယင်းလုပ်ငန်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများရှိမှသာလျှင် ဆောင်ရွက်၍ရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ CMP လုပ်ငန်းများ၌ လုပ်ကိုင်ဆောင်ရွက်နေကြ သူများ အများအပြားရှိကြသဖြင့် လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့မှုရှိစေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့် လိုအပ်သည်များ စိစစ်ဖြည့်ဆည်းအားပေး ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ယခင်ကကြုံတွေ့ခဲ့ရသော စီးပွားရေးနှင့် ပတ်သက်သည့် အခက်အခဲနှင့် သင်ခန်းစာများကို ဆန်းစစ်ဖော်ထုတ်ပြီး သုံးသပ် အဖြေရှာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံ၏ အဓိကစီးပွားရေး ဖြစ်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ရရှိရေး၊ ပြည်ပ ပို့ကုန်များတိုးမြှင့်ရရှိရေးနှင့် မိမိတို့ နိုင်ငံ၏ထုတ်ကုန်များ ဈေးကွက်ရရှိရေးတို့အတွက် အစိုးရ၊ စိုက်ပျိုး မွေးမြူထုတ်လုပ် သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အားလုံးလက်တွဲညီညီဖြင့် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ၊ စက်သုံးဆီနှင့် စားသုံးဆီများ နှစ်စဉ်အများအပြား တင်သွင်းနေရမှုများ၊ ငွေကြေးတန်ဖိုး မတည်ငြိမ်မှုများကိုလည်း အဖြေရှာ ၍ ဖြေရှင်းပေးကြရမည်ဖြစ်ကြောင်း။

 

ပညာတတ် လူသားအရင်းအမြစ်များဖြင့်သာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်မည်

ပညာတတ်လူသား အရင်းအမြစ်များဖြင့်သာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို တည်ဆောက် နိုင်မည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် နိုင်ငံ၏အနာဂတ်ကို စဉ်းစားဆောင်ရွက်ရာတွင် ရေရှည်အကျိုး စီးပွားအတွက်ကိုကြည့်၍ စနစ်တကျဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်သည့် ပညာတတ်လူသား အရင်းအမြစ်များ များစွာပေါ်ထွက်လာစေ ရေးအတွက်လည်း မိမိတို့အနေဖြင့် စီးပွားရေးပညာရပ်ကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသား ၉၂ ဒသမ ၁ ရာခိုင်နှုန်းသည် အခြေခံအရေးအဖတ်အတွက် ရရှိပြီးသူများဖြစ်ပြီး တွက်ချက်နိုင်မှုနှင့်ပတ်သက်၍ ကောင်းမွန်ပြီးသားသူများဖြစ်သည်ကို တွေ့ရကြောင်း၊ စီးပွားရေး ကောင်းမွန်စေရေးအတွက် တွက်ချက်ဆောင်ရွက်၍ ရသည်များရှိကြောင်း၊ နိုင်ငံ့ပညာရေး အားကောင်းမှုမှတစ်ဆင့် အရည်အသွေးမြင့် လုပ်သားအင်အား လူ့စွမ်းအားအရင်းအမြစ်ကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ထုတ်လုပ်မှုစွမ်းရည် မြင့်မားလာမည်ဖြစ်သည့်အတွက် ပို့ကုန်ကဏ္ဍနှင့် နိုင်ငံ၏ဂျီဒီပီကိုလည်း တိုးတက်လာစေမည်ဖြစ်ကြောင်း၊ ပညာရေးအဆင့်မြင့်မား ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းကို တိုက်ရိုက်အကျိုးပြုပြီး ဖွံ့ဖြိုးတိုးတက်မှု အထိပါ သက်ရောက်မှုအား ကြီးမားသည့်အတွက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးပညာရေးကို အားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အသက်၂၅ နှစ်အထက် အလယ်တန်းပညာ ပြီးဆုံးသူ ရှစ်သန်းခန့်ရှိပြီး ၎င်းတို့အနက် အလုပ်လုပ်နိုင်သူများအတွက် အလုပ်အကိုင်ရရှိနိုင်ရေး၊ လူမှန်နေရာမှန် အကျိုးရှိရှိအသုံးချနိုင်ရေးတို့အတွက် အစိုးရဝန်ကြီးဌာနများက အသက်မွေး ဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွား ရန်လိုကြောင်း။

 

ထို့ပြင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်သွားနိုင်ရန်လိုပြီး နိုင်ငံတော် အတွက် လိုအပ်သည့် ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုအားများလည်း ရရှိလာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ အလုပ်လုပ်ကိုင် နိုင်စွမ်းရှိသည့် လူလတ်ပိုင်းအရွယ်များ၏အားကို နိုင်ငံ့ကုန်ထုတ်လုပ်ငန်း များတွင် မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိ အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးသွားကြရမည် ဖြစ်ကြောင်း။

 

စီးပွားရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ထိုက်သင့်သည့် တိုးတက်မှုများရရှိရန် လိုအပ်နေဆဲဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန်အစာများကို စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များ၊ စွန့်ပစ်ပစ္စည်းများဖြင့် ဆောင်ရွက်နိုင်သော်လည်း မွေးမြူရေးလုပ်ငန်းများတိုးတက်မှု အားနည်းနေဆဲဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေးအတွက် နိုင်ငံတော်မှလည်း လိုအပ်သည့် ရင်းနှီးမတည် ချေးငွေများကို ထုတ်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ တိုးတက်ရရှိမှသာလျှင် ပြည်တွင်းစားသုံးမှုကို ဖူလုံစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုများကို လည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊  ပြည်တွင်းဖူလုံမှုရရှိအောင် ဆောင်ရွက်ပြီးပါက ပြည်ပသို့တင်ပို့ ရောင်းချနိုင်မည့် ဈေးကွက်လိုအပ်ချက် ကြီးမားသည့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ အများအပြားရှိပြီးဖြစ်ကြောင်း၊ ဈေးကွက်ရရှိရေးနှင့် ဈေးကွက်လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ် တင်ပို့နိုင်ရေး စနစ်တကျဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

 

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများနှင့် စပ်လျဉ်း၍ နယ်စပ်ကုန်သွယ်မှုများတွင် အချို့သော နယ်စပ်ဒေသ များ၌ တရားမဝင် ကုန်သွယ်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် တရားမဝင်လမ်းကြောင်းများမှ ကုန်သွယ် မှုများမရှိစေရေး မိမိတို့အနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှုများသည် ရာနှုန်းပြည့် အားကိုး၍ မရကြောင်း၊ တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် ရသင့် ရထိုက်သည့် အခွန်အခများမရရှိသည့်အပြင် နိုင်ငံသားများအနေဖြင့်လည်း အရည်အသွေး ပြည့်မီမှုမရှိသည့်၊ အာမခံချက်မရှိသည့် ပစ္စည်းများကို သုံးစွဲကြရနိုင်ကြောင်း၊ ထို့အပြင် တရားမဝင် လမ်းကြောင်းများရှိ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများကို ငွေကြေးပေး၍ သွားလာ သယ်ဆောင်နေကြသည်ဖြစ်သည့်အတွက် သူခိုးဓားရိုးကမ်းသကဲ့သို့ဖြစ်နေပြီး ရရှိသည့်ငွေကြေး များဖြင့် ၎င်းတို့၏အင်အားများကို တိုးချဲ့တည်ဆောက်နေနိုင်ကြခြင်းသည် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကိုလည်း အဟန့်အတား ဖြစ်စေနိုင်ကြောင်း။

 

သို့ဖြစ်၍ တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာနယ်မြေ ဒေသများအလိုက် စနစ်တကျဖြင့် ဖော်ထုတ်တားဆီး ထိန်းသိမ်းဆောင်ရွက် သွားကြရန်လိုပြီး မိမိတို့နိုင်ငံ၏အချုပ်အခြာ အာဏာဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ခိုင်ခိုင်မာမာကာကွယ် ဆောင်ရွက်ကြရန် လိုကြောင်း၊ ပုံမှန်ကုန်သွယ်မှုများမှတစ်ဆင့် မိမိတို့နိုင်ငံမှ ထုတ်ကုန်များကို တင်ပို့ရောင်းချနိုင်သည့် ဈေးကွက်သစ်များ ရှာဖွေဆောင်ရွက်သွားကြရန်လိုသကဲ့သို့ နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍ လည်း တရားဝင်လမ်းကြောင်းများမှသာလျှင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးတို့အတွက် ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် စိစစ်ဖော်ထုတ်သွားရန် တာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်သူများလုံခြုံစိတ်ချစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး မိမိတို့ကဏ္ဍအလိုက် ကျေပွန်အောင် ဆောင်ရွက်သွားရန် လိုကြောင်း။

 

ဖြည့်စွက်မှာကြားလိုသည်မှာ နိုင်ငံ့အနာဂတ်ကို ပုံဖော်တည်ဆောက်ကြမည့် လူငယ်လူရွယ်များ၏ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်များကိုလည်း မြှင့်တင်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး ကျောင်းသား ကျောင်းသူများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ယဉ်ကျေးမှုပြတိုက်များသို့ ပို့ဆောင်ပြသခြင်းများ ဆောင်ရွက်ပေးသွားရန်လိုပြီး တတ်နိုင်ပါက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ ပြတိုက်များသို့ ပို့ဆောင်ပြသခြင်းများကိုလည်း ဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ ယဉ်ကျေးမှုပြတိုက်၊ အမျိုးသားပြတိုက်၊ စစ်သမိုင်းပြတိုက်များသို့ လူငယ်လူရွယ်များ လာရောက်လည်ပတ်လေ့လာကြ ခြင်းဖြင့် မိမိတို့နိုင်ငံနှင့် လူမျိုးတို့၏ သမိုင်းကြောင်းအစဉ်အလာ၊ အမျိုးသား ရေးလက္ခဏာ (National Identity)၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ဘာသာ သာသနာ၊ ယဉ်ကျေးမှုတို့၏ ကြီးမြတ် သည့် ရိုးရာတန်ဖိုးများကို ပိုမိုနားလည် သဘောပေါက် သိရှိလာမည်ဖြစ်ပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စဉ်ဆက်မပြတ် ဆက်လက် လက်ဆင့်ကမ်း ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံ၊ ကဏ္ဍ ပေါင်းစုံမှ ဖြစ်နိုင်သည်မှန်သမျှကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုအချိန် တွင် ပွင့်လင်းရာသီသို့ရောက်ရှိ လာပြီဖြစ်ပြီး မိမိတို့ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ က သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။

 

ပညာရေးကို အထူးအလေးထား၍ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်

ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာ၌ လူသားအရင်းအမြစ်နှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် အဆင့်မြင့်ပညာတတ်မြောက်သူ ဦးရေ ရာခိုင်နှုန်းနှင့် မူလတန်းပညာအဆင့် ၌သာ ရှိသူ၊ လုံးဝပညာမသင်ဖူးသူ ဦးရေ ရာခိုင်နှုန်းမှာ ကွာခြားချက်များ ကြီးမား လျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ ထိုသို့သောကွာခြားချက်ကြီးမားမှုကို လျှော့ချနိုင်ရေး မိမိတို့အနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေး ရည်မှန်းချက်အဖြစ် KG+9 အထိ မသင် မနေရပညာရေးစနစ်ကို ချမှတ်ထားပြီး ပညာတတ်လူ့စွမ်းအား အရင်းအမြစ် ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ ပညာရေးသည် လူတစ်ဦးချင်းစီ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့နှင့် ချိတ်ဆက်နေပြီး လူတစ်ဦးချင်းစီ၏ဘဝကိုသာမက မိသားစု တစ်စု၊ လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုလုံး၏ အနာဂတ်ကိုပါ ပြုပြင် ပြောင်းလဲစေနိုင်သည့် စွမ်းအားများရှိနေကြောင်း။

 

ပညာရေး ကွာဟချက်များကြောင့် လူနေမှုအဆင့်အတန်းများသည်လည်း ကွာဟချက်များရှိလာပြီး မြို့ပြနှင့် ကျေးလက်များ၌ ကွာဟချက်များရှိနေဆဲ ဖြစ်သည်ကို တွေ့မြင်ရကြောင်း၊ ပြည်သူ များ၏ အလုပ်အကိုင်ရရှိရေးနှင့်ပညာရေးတို့တွင် လူနည်းစု အလှမ်းမီခြင်းထက် လူများစုအလှမ်းမီစေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လူများစု လက်လှမ်းမီစေရေးအတွက် တစ်ဦးချင်းဝင်ငွေ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ သို့ဖြစ်၍ အနာဂတ်တွင် ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို ပုံဖော်တည်ဆောက် နိုင်ရေး၊ လူနေမှုအဆင့်အတန်းကွာဟမှုကို လျှော့ချနိုင်ရေး ပညာရေးကိုအလေးထား ပြုပြင်တည်ဆောက် ပေးသွားကြရမည် ဖြစ်ကြောင်း။

 

အားကစားကဏ္ဍမြှင့်တင်ရေး

ပညာရေးကဏ္ဍ မြှင့်တင်မှုနှင့်အတူ အားကစားကဏ္ဍမြှင့်တင်ရေးကိုလည်း မိမိတို့အနေဖြင့် ဆောင်ရွက် ပေးသွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ နိုင်ငံတကာနှင့် ဒေသတွင်းအားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် အောင်မြင်မှုများ နည်းပါးလျက်ရှိကြောင်း၊ နိုင်ငံ၏ အားကစားသမိုင်းကို လေ့လာကြည့်မည်ဆိုပါက ၁၉၇၀ ပြည့်နှစ်ဝန်းကျင်တွင် အောင်မြင်မှု များစွာရရှိခဲ့ပြီး အရှိန်အဝါကြီးမားခဲ့သည့် အားကစားအဆင့်အတန်းကို ပိုင်ဆိုင်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့အစိုးရအနေဖြင့် အားကစားနှင့်ပတ်သက်၍ အားကစားကွင်းများ၊ အထောက်အကူပြု ပစ္စည်းများကို အဆင့်မြှင့်တင်ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ပြိုင်ပွဲများ၌ အောင်မြင်မှု ရရှိခဲ့ကြသူများကိုလည်း ထိုက်ထိုက် တန်တန် ချီးမြှင့်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားသမားများအနေဖြင့် လည်း တစ်ဦးချင်းကြံ့ခိုင်မှုကောင်းမွန် စေရေး၊ ခံနိုင်ရည်အား ကောင်းမွန်စေရေး၊ အားကစားနည်းများအလိုက် ကျွမ်းကျင် ပိုင်နိုင်မှုရှိစေရေး အမြဲမပြတ်စနစ်တကျ လေ့ကျင့်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အားကစားနည်းအလိုက် နည်းစနစ်နည်းပြနှင့် ကြံ့ခိုင်ရေး နည်းပြများ မဖြစ်မနေထားရှိသွားရန်လည်း မိမိအနေဖြင့် ပြောကြားထားပြီးဖြစ်ကြောင်း။

 

နိုင်ငံ၏ အားကစားကဏ္ဍမြှင့်တင်ရေး ကို လေ့ကျင့်ရေးဖြင့်ပြန်လည်တည်ဆောက် သွားကြရန်လိုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အားကစားကွင်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားကစားကွင်းများ အဆင့် မြှင့်တင်ဆောင်ရွက်ရာတွင်လည်း ခေတ်နှင့်လျော်ညီသည့် အားကစားကွင်းများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအဆင့်၊ ပြည်နယ် အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်အလိုက် အားကစားကွင်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးလျက် ရှိသည့်နည်းတူ အားကစားကွင်းများ စနစ်တကျဖြစ်စေရေးအတွက်လည်း တာဝန်ရှိသူများက ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အားကစားယှဉ်ပြိုင်မှုများကို အားပေး သည့် ပြည်သူများအနေဖြင့်လည်း စည်းကမ်းစနစ်တကျဖြင့် အားပေးကြရန်လိုကြောင်း။

 

မကြာမီကာလအတွင်း ဆောင်းရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်ပြီး အားကစားပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၊ ဝန်ကြီးဌာန များအလိုက်၊ စာသင်ကျောင်းများအလိုက်၊ ကျေးလက်ဒေသအလိုက်၊ ပကာသနမဖက်ဘဲ လူထုလှုပ်ရှားမှုဖြင့် စနစ်တကျကျင်းပပြုလုပ် ဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

သတင်းစဉ်