ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ဒွါဒသမအကြိမ် ဗုဒ္ဓဂယာ - မဇ္ဈိမဒေသ ကထိန်အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် ၅ နိုဝင်ဘာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ဒွါဒသမအကြိမ် ဗုဒ္ဓဂယာ - မဇ္ဈိမ ဒေသ ကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အိန္ဒိယ သမ္မတနိုင်ငံ ဘီဟာပြည်နယ် ဂယာမြို့ရှိ မြန်မာကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ အိန္ဒိယနိုင်ငံ ပရဒေသသီ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဂယာမြို့ မြန်မာကျောင်း ပဓာနနာယက ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏိန္ဒ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဇနီး၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမြင့်စိုးနှင့် ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြန်မာသံရုံး၊ မြန်မာစစ်သံမှူးရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ဝန်ထမ်းမိသားစုများနှင့် ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် မြန်မာကျောင်း ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသည့် မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ဗုဒ္ဓဂယာမြန်မာကျောင်း တိုက်အုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇိန္ဒထံမှ ကထိန်အနုမောဒနာ ရေစက်ချတရားနာယူ ကြည်ညိုကြပြီး သံဃာတော်အရှင်သူမြတ်တို့ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ဒွါဒသမအကြိမ် ဗုဒ္ဓဂယာ - မဇ္ဈိမ ဒေသ ကထိန်အလှူတော်မင်္ဂလာအခမ်းအနားတွင် စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၅၅၁၇၀၀၀ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်