ပြည်ထောင်စု၏ အခြေခံစိတ်ဓာတ်

mdn

နေပြည်တော်  ၂၆ ဇန်နဝါရီလ

 

မည်သည့်နေရာဒေသသို့ ရောက်ရှိသည်ဖြစ်စေ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံသူ၊ နိုင်ငံသားမျိုးစုံတို့နိုင်ငံအတွင်း မှီတင်းနေထိုင်ကြရာ၌ တစ်ယောက်နှင့်တစ်ယောက်၊ အသိုက်အဝန်းတစ်ခုနှင့်တစ်ခု ချစ်ချစ်ခင်ခင်အတူ လက်တွဲနေထိုင်ကြ သည်ကို မြင်တွေ့ရသည်မှာ ဂုဏ်ယူဖွယ်ဖြစ်သလို ဝမ်းမြောက်ဖွယ်လည်း ကောင်းလှပါသည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံအတွင်း စုစုစည်းစည်း၊ ချစ်ချစ်ခင်ခင်နေထိုင်ခြင်းသည် နိုင်ငံ၏အင်အား ဖြစ်သလို အနာဂတ်ကို တည်ဆောက်ရမည့် ပြည်ထောင်စုကြီး၏ အခြေခံစိတ်ဓာတ်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တမူးမြို့သို့ရောက်ရှိစဉ် ပြောကြားခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ကျွန်မတို့နိုင်ငံမှာ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးညီညီညွတ်ညွတ်နဲ့ အေးအေးချမ်းချမ်းနေနိုင်တယ်ဆိုရင် ဒါနိုင်ငံရဲ့ သိက္ခာပဲဆိုတာကို အားလုံး သဘောပေါက်စေချင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး လေးစားရမယ်၊ တစ်ဦးနဲ့တစ်ဦး မေတ္တာထားရမယ်။ တစ်ဦးနဲ့တစ်ဦး နားလည်မှုပေးရမယ်။ ကိုယ်နဲ့မတူတဲ့သူတွေ ကိုယ့်နိုင်ငံထဲမှာ အေးအေးဆေးဆေး၊ ပျော်ပျော်ရွှင်ရွှင်နေနေတာကိုမြင်ရင် စိတ်ချမ်းသာရမယ်။ ကျွန်မအမြဲ အဲဒီအရာတွေကို ဂုဏ်ယူပါတယ်"ဟု တမူးမြို့မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ သည်။

 

မျက်မှောက်ကာလတွင် တစ်ကမ္ဘာလုံးရှိလူသားများမှာ ဆက်စပ်မှုရှိနေပြီး မြန်မာနိုင်ငံတွင်လည်း မတူကွဲပြားသည့် မြန်မာနိုင်ငံဖွား တိုင်းရင်းသား များသာမက မြန်မာနိုင်ငံတွင် အခြေချနေထိုင် ကြသော ဘာသာခြား၊ လူမျိုးခြားများသည်လည်း တစ်ဦးနှင့်တစ်ဦး ဆက်နွှယ်မှုရှိပေသည်။ ပြည်ထောင်စုနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်ကြရာ၌ နိုင်ငံသား ဖြစ်တည်မှုအပေါ်တွင်မူတည်၍ အဆိုပါ နိုင်ငံအပေါ်တွင် သစ္စာစောင့်သိရိုသေကြရပေသည်။ မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ကြပြီး တစ်ခါတစ်ရံ၌သာ ဘေးပယောဂနှင့် ဖျက်လိုဖျက်ဆီးလုပ်သူများရှိသည်။

 

ဥပမာအားဖြင့် ရန်ကုန်မြို့တွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံအတူ ယှဉ်တွဲနေထိုင်ကြသည်။ ဘာသာတစ်ခုနှင့် တစ်ခုအပေါ်၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုးအပေါ် နားလည်မှုရှိရှိ၊ အသိတရားရှိရှိ၊ အပေးအယူရှိရှိ ပြုမူဆက်ဆံကာ အေးအေးချမ်းချမ်းနေထိုင်လျက်ရှိသည်။ ပြဿနာကြီးကြီး မားမားမရှိပေ။ အခြားဒေသ၊ အခြားမြို့များတွင်လည်း ဤသို့ပင် ဖြစ်သည်။ သတိပြုရမည်မှာ လူမျိုးအချင်းချင်း၊ ဘာသာအချင်းချင်းအပေါ်တွင် သွေးထိုးလှုံ့ဆော်လိုသူ၊ ဖျက်လိုဖျက်ဆီး လုပ်လိုသူများဖြစ်သည်။

 

မတူကွဲပြားသော တိုင်းရင်းသားလူမျိုး အချင်းချင်းအကြား၊ အသွေးအရောင်ကွဲပြားသည့် လူမျိုးအချင်းချင်း၊ ဘာသာအချင်းချင်းအကြား ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် စုပေါင်းနေထိုင်ကြပြီး တိုင်းပြည်နှင့်လူမျိုးအကျိုးကို တက်ညီလက်ညီ လုပ်ကိုင်ဆောင်ရွက်ကြ ပါလျှင်ဤပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် အင်အားရှိသောပြည်ထောင်စု၊ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာသောနိုင်ငံ ဖြစ်လာမည်မှာ အမှန်ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်ဟူသည့် ပြည်ထောင်စုကြီးတစ်ခုလုံးတွင် တစ်မိသားစုတည်း၊ တစ်အိမ်ထောင်တည်းကဲ့သို့ မိသားစုများ ပင်ဖြစ်သည်ဟု စိတ်ထားထားရှိရမည်ဖြစ်သည်။

 

ပြည်ထောင်စုကို ခိုင်ကျည်မြဲမြံစွာ တည်ဆောက်နိုင်ရန်အတွက် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို မျက်မှောက်ကာလ၌ ပိုင်းခြားရှုမြင် ရမည်ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ မျိုးရိုးသံယောဇဉ်၊ ဒေသသံယောဇဉ်တို့ဖြင့် ရစ်ပတ်ဖွဲ့နှောင်လျက် အမျိုးကိုစောင့်ရှောက်လိုမှု၊ အမျိုးကိုချီးမြှောက်လိုမှု၊ အမျိုးကို ကာကွယ်လိုမှုအပေါ်တွင် မူတည်သည်။ အထူးလိုအပ်နေသော ပြည်ထောင်စုစိတ်ဓာတ်သည် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသူအချင်းချင်း တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီလိုခြင်း၊ အခက်အခဲတွေ့ကြုံလျှင် ကူညီဖြေရှင်းပေးလိုခြင်း၊ အကျိုးတူပူးပေါင်း ဆောင်ရွက်လိုခြင်း၊ အချင်းချင်းစာနာ ထောက်ထားခြင်းနှင့် နားလည်ခွင့်လွှတ်ခြင်းတို့ဖြစ်သည်။

 

သို့ဖြစ်ရာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျက်မှောက်ကာလတွင် လိုအပ်နေသော ပြည်ထောင်စုကြီး၏ အခြေခံ စိတ်ဓာတ်ဖြစ်သည့် လူမျိုး၊ ဘာသာမခွဲခြားဘဲ အေးအတူပူအမျှ အတူတကွ လက်တွဲပူးပေါင်းနေထိုင်ရမည့် စိတ်ထားများ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတွင် စွဲမြဲစိမ့်ဝင်နေရမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ