ပြည်သူနှင့်အနုပညာအကြား ပေါင်းကူးပေးသည့် မျိုးဆက်သစ်များ

မိုးကေနိုင်

လူ့အဖွဲ့အစည်းတိုင်းမှာ ကိုယ်စီယဉ်ကျေးမှုအသီးသီးရှိကြပါတယ်။ ထိုလူ့အဖွဲ့အစည်းရဲ့အလှတရား၊ တန်ဖိုးတွေက သူတို့စိုက်ထူထားတဲ့ ကိုယ်ပိုင်မူဟန်၊ အနုသုခုမလက်ရာ၊ ယဉ်ကျေးမှုအမွေအနှစ်တွေအပေါ် များစွာမူတည်ပါတယ်။ ယဉ်ကျေးမှုမြင့်လေ တန်ဖိုးလည်းမြင့်လေပါ။

နိုင်ငံတစ်နိုင်ငံရဲ့ အနုပညာမြင့်မားတာနဲ့ ထိုနိုင်ငံရဲ့အလှတရားတွေလည်း မြင့်တက်နေပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုစံနှုန်းတွေကို ထိုနိုင်ငံသားတွေရဲ့ အတွေးအခေါ်၊ အသိပညာ မြင့်မားမှု၊ လူနေမှုအဆင့်အတန်းတွေနဲ့လည်း ချိန်ထိုးနိုင်ပါတယ်။ လူတွေရဲ့စိတ်နေသဘောထား၊ ပြောဆိုနေထိုင်လုပ်ကိုင်ပုံ အကျင့်စရိုက်တွေကိုလည်း ထင်ဟပ်နေပါတယ်။ ဘာသာစကား၊ စာပေ၊ ဘာသာတရားနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် နိုင်ငံအစိုးရတွေဟာ မိမိတို့ရဲ့ယဉ်ကျေးမှုကို နည်းလမ်းအမျိုးမျိုးနဲ့ မြှင့်တင်ကြခြင်းဖြစ်ပါတယ်။ အနုပညာအသစ်အဆန်းတွေကို ဖော်ထုတ် ကြခြင်းဖြစ်ပါတယ်။

အမျိုးဂုဏ် ဇာတိဂုဏ်နဲ့ ဆက်စပ်မှု

မြန်မာနိုင်ငံဟာလည်း ထို့အတူပါ။ နိုင်ငံရဲ့ သမိုင်းနဲ့ယှဉ်ပြီး သမိုင်းအဆက်ဆက် တည်တံ့ခဲ့တဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ အနုပညာတန်ဖိုးတွေ မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်နေပါတယ်။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါပျောက်တတ်တာမို့ အဓိပ္ပာယ်ရှိလှတဲ့ အနုသုခုမ အမွေအနှစ်တွေကို ပြန်လည်ဖော်ထုတ်ရပါတယ်။ အမျိုးသားရေးစရိုက်လက္ခဏာတွေ မပျောက်ပျက်ဖို့၊ အမျိုးသားရေးစိတ်ဓာတ်တွေ ပိုမိုထွန်းကားနေဖို့ ယနေ့ကာလမှာ အလွန်အရေးကြီး တဲ့အတွက် မျိုးဆက်သစ်လူငယ်တွေအကြား မိမိယဉ်ကျေးမှုကို ကိုယ်တိုင်ချစ်မြတ်နိုးတတ်အောင် အစဉ်လှုံ့ဆော်ပေးနေရပါမယ်။ အစဉ်မပြတ်မွမ်းမံပြီး မြဲမြံခိုင်ခံ့အောင် တည်ဆောက်ရပါမယ်။ မိမိတို့ အနုပညာယဉ်ကျေးမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သရွေ့၊ မြှင့်တင်နိုင်သရွေ့ မိမိတို့ အမျိုးဘာသာသာသနာဟာ အစဉ်တိုးတက်ပြီး နိုင်ငံလည်း တည်တံ့နေမှာမလွဲပါ။

အမျိုးဂုဏ် ဇာတိဂုဏ်ဆိုတာ ဒါပါပဲ။ အမွေအနှစ်အလား တန်ဖိုးရှိတာနဲ့အမျှ ထိုကောင်းမြတ် တဲ့အနှစ်သာရကို အနာဂတ်မျိုးဆက်အဆက်ဆက်ကို လက်ဆင့်ကမ်းရမယ့်တာဝန်တွေလည်း ရှိလာ ပါတယ်။ မတူကွဲပြား အမျိုးများပြီး လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအတွက်ဆိုရင် ပိုအရေး ကြီးပါတယ်။ ထိုတိုင်းရင်းသားအသီးသီးရဲ့ ကိုယ်ပိုင်ဥစ္စာသဖွယ်ဖြစ်တဲ့ ရိုးရာယဉ်ကျေးမှု အနုပညာ ဓလေ့ထုံးတမ်းတွေကို ကာကွယ်စောင့်ရှောက်ပြီး ထိန်းသိမ်းမြှင့်တင်ရမယ့်တာဝန်က နိုင်ငံတော် အစိုးရအပြင် နိုင်ငံသားအားလုံးမှာ ဖြစ်တည်လာပါတယ်။

ဒီလိုဆောင်ရွက်ခြင်းဖြင့် နိုင်ငံမှာအထူးလိုအပ်နေတဲ့ အမျိုးသားစည်းလုံးညီညွတ်မှုဟာ ပိုမိုခိုင်မြဲလာပါမယ်။ သက်ရောက်မှုက နိုင်ငံရဲ့လူမှု စီးပွားဘဝဖွံ့ဖြိုးမှုနဲ့ ပြည်သူတွေရဲ့အိပ်မက်တွေ အထိပါပဲ။ ဒါကြောင့် ယဉ်ကျေးမှုအနုပညာကဏ္ဍကို နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ကဏ္ဍတစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။

အနှစ်သာရရှိတဲ့ ရည်ရွယ်ချက်တွေနဲ့အတူ

ယခု (၂၇)ကြိမ်မြောက်အထိ ရှိလာပြီဖြစ်တဲ့ ကျင်းပနေတဲ့ အမျိုးသားအဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွေရဲ့ ရည်ရွယ်ချက်တွေလည်း အထက်ပါတင်ပြချက်တွေနဲ့ထပ်တူဖြစ်ပြီး အနှစ်သာရလည်း ရှိလှပါတယ်။ မြို့နယ်အဆင့်မှသည် ခရိုင်၊ တိုင်း ဒေသကြီး/ပြည်နယ်၊ ဗဟိုအထိ အဆင့်ဆင့် တက်လှမ်း ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ မူပိုင်အနုပညာဖြစ်တဲ့ မိမိတို့ လူမျိုးအသီးသီးရဲ့ ကိုယ်ပိုင်အလှ၊ ကိုယ်ပိုင်ဘဝတွေ၊ ကိုယ်တိုင်ပြုစုပျိုးထောင်နေပုံတွေကို ထင်ဟပ်နေ တာဖြစ်တဲ့အတွက် ယနေ့ခေတ် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွေဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ ကောင်းမွန်တဲ့အစဉ်အလာ၊ သုတရသ တွေကို ကိုယ်တိုင်လည်းခံစား၊ အများကပါ လိုက်ပါစီးမျောပါဝင်လာအောင် ကြိုးစားယှဉ်ပြိုင်နေကြတာကို တွေ့ရပါတယ်။

တိုးတက်တဲ့နိုင်ငံတွေဟာ မိမိတို့ကိုယ်ပိုင် အနုပညာကို တစ်ကမ္ဘာလုံးပျံ့နှံ့အောင် ထိုးဖောက် နိုင်ကြပါတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ ကိုယ်ပိုင်အနုပညာလက်ရာတွေကို ကိုယ်တိုင် တန်ဖိုးထားပြီး ပြည်တွင်း၊ ပြည်ပအနှံ့ လက်ဆင့်ကမ်းပြသနိုင်အောင် အားထုတ်ကြရမှာဖြစ်ပါတယ်။ ဒါမှသာ မိမိယဉ်ကျေးမှုဟာ ကမ္ဘာ့အလယ်မှာ ကြံ့ကြံ့ခံရပ်တည်နိုင်ပြီး တိုင်းတစ်ပါးယဉ်ကျေးမှုရဲ့ တိုက်စားဝါးမျိုမှုဒဏ်ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အဆင့်တိုင်းမှာ ပါဝင်ယှဉ်ပြိုင် ပိုင်နိုင်ကြတဲ့ လူငယ်တွေ

ယနေ့မျိုးဆက်သစ်တွေအနေနဲ့ ဂန္ထဝင်မြောက် အမွေအနှစ်ကောင်းတွေကို ယခုအချိန်မှာ ဆက်လက်ထိန်းသိမ်းနေကြပါပြီ။ တိုင်းပြည်ရဲ့ ကြေးမုံပြင်အလား တာဝန်ရှိမှုအပြည့်နဲ့ မိမိတို့ တတ်မြောက်ထားတဲ့ ကျွမ်းကျင်ရာအနုပညာတွေကို မျိုးချစ်စိတ်အပြည့်နဲ့ ပြသနေကြပါပြီ။ မျိုးဆက်သစ်လို့ ပြောရတဲ့အကြောင်းရင်းက ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်အဆင့်တွေမှာ အခြေခံ ပညာအဆင့်၊ အဆင့်မြင့်ပညာမှသည် ဝါသနာရှင် အဆင့်အထိ ပါဝင်ကြလို့ပါပဲ။ အခြေခံပညာအဆင့်မှာ အသက် ၁၀ နှစ်ကနေ ၂၀ အထိ လူငယ်လေးတွေ ပါဝင်နေပါတယ်။ သူတို့လို အသက်အရွယ်လေးတွေနဲ့ မဟာဂီတလို အဆိုပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ကြပါလိမ့်မယ်။ ခေတ်ဟောင်းတေး၊ ကာလပေါ် တေးအစုံအမျိုးဂုဏ် ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းပြိုင်ပွဲများမှာပါ ပါဝင်ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

ကြိုးတပ်တူရိယာရဲ့ တီးခတ်ဟန်တွေနဲ့ ပေါင်းစပ်ထားတဲ့ ပျိုးသီချင်းပုံစံဟာ တကယ့်မြန်မာ့ ရိုးရာရှေးဟောင်းအနုပညာတစ်ခုပါပဲ။ ရှေးမြန်မာ့ နန်းတွင်းက လူပုဂ္ဂိုလ်တွေရဲ့ဖြစ်ရပ်တွေကို ပြန်လည် ဖော်ထုတ်ထားတဲ့ ဘွဲ့ခံသီချင်းတွေ၊ အယုဒ္ဓယနဲ့ ဆက်နွှယ်ပြီး ယိုးဒယားတေးသွားနဲ့ဆက်စပ်နေတဲ့ မြန်မာ့နန်းတွင်းဂီတနဲ့ ယိုးဒယားတေးသွား အဆက် အစပ် သီချင်းအမျိုးအစားတွေဟာ အမှန်တကယ် တန်ဖိုးကြီးတဲ့ ရှေးဟောင်းလက်ရာတွေပါ။

ဒီလိုအနုပညာအမျိုးအစားတွေကို ပြန်လည် ဖော်ထုတ်ပေးကြတဲ့ လူငယ်အနုပညာရှင်လေးတွေကို တန်ဖိုးထား ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ သူတို့လေးတွေအနေနဲ့ စာသားအဓိပ္ပာယ်မှန်သမျှ အလေးထား၊ ရိုးရာသံစဉ်ကိုထိန်းသိမ်းပြီး သံစဉ်အေးလေးတွေဖြစ်အောင် ဘယ်လိုယှဉ်ပြိုင်ကြမလဲ၊ အသံအတက်အကျ၊ သံစဉ်ကို မှန်မှန်ကန်ကန်နဲ့ သီဆိုဟန်အမျိုးမျိုးနဲ့ ရိုးရာဟန်မပျောက်အောင် တီးခတ်ဟန်ကို ဘယ်လိုပြသကြမလဲ၊၊ သူတို့လေး တွေရဲ့ လူအများအလယ်၊ ပညာရှင်တွေရဲ့ အကဲဖြတ်မှုအောက် စင်မြင့်ထက်က ယုံကြည်မှုအပြည့်နဲ့ ယှဉ်ပြိုင်ဟန်တွေက အလွန်ပဲစိတ်ဝင်စားဖွယ် ကောင်းနေပါပြီ။

မဟာဂီတ၊ ကာလပေါ်တေးအပြင် အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းပြိုင်ပွဲတွေမှာ လည်း ထိုလူငယ်လေးတွေ ပါဝင်ယှဉ်ပြိုင်ကြပါလိမ့်မယ်။ မိမိလူမျိုးရဲ့ အစဉ်အလာနဲ့ ဂုဏ်သိက္ခာကို ပြိုင်ပွဲဝင်လူငယ်တွေ ဘယ်လိုဖော်ကျူးကြမလဲ၊၊ မိမိဇာတိ၊ မိမိတိုင်းပြည်၊ မိမိလူမျိုးကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်ကို ဘယ်လိုပြသကြမလဲ၊၊ ဒီလိုပြသကြ၊ ဖော်ကျူးကြရင်းကပဲ အမျိုးသားစည်းလုံးညီညွတ် ရေးကို ဘယ်အတိုင်းအတာထိ အထောက်အကူပြု သွားကြမလဲ။ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်း ရင်းကပဲ ယဉ်ကျေးမှုနဲ့ မျိုးချစ်စိတ်အခြေခံ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရာရောက်နေပြီလို့ မှတ်ယူနိုင်ပါပြီ။

အဆိုအပြင် အတီးပြိုင်ပွဲတွေလည်း ပါဝင်နေ ပါတယ်။ စောင်း၊ စန္ဒရား၊ ပတ္တလား၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ ဒုံမင်း၊ ဆိုင်း၊ နှဲ၊ ပလွေ၊ အိုးစည်၊ ဒိုးပတ်မျိုးစုံသော အတီးအမျိုးအစားတွေပါဝင်ပါ တယ်။ ယခုလို တူရိယာအမျိုးအစားတွေကိုတီးခတ် ပြီး အသံဂီတရဲ့ အနုပညာအလှအပတန်ဖိုးတွေကို ဘယ်လိုအလှဆင်ကြမလဲ၊၊ နူးညံ့မှုနဲ့ ငြိမ့်ညောင်းစွာ တီးခတ်ပြီး ခံစားချက်တွေ ဘယ်လိုဖော်ထုတ်ကြ မလဲ။ အရှိန်အဟုန်ပြင်းပြင်း စည်းချက်အနိမ့်အမြင့်နဲ့တကွ သံစုံဖန်တီးမှုများစွာကို စိတ်ဝင်စားဖွယ် မြင်တွေ့ကြရမှာပါ။

အက၊ အရေးမှာလည်း ပါဝင်

အဆို၊ အတီးတင်မဟုတ် အကပြိုင်ပွဲမှာလည်း ပါဝင်ကြပါတယ်။ အခြေခံကဗျာလွတ်အကနဲ့ တိုင်းရင်းသားရိုးရာအက၊ ရုပ်သေးကြိုးဆွဲပြိုင်ပွဲနဲ့ ဇာတ်တော်ကြီးပြိုင်ပွဲ၊ ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲ၊ ကွက်စိပ်ပြိုင်ပွဲတွေ ပါဝင်ပါတယ်။ သီချင်း၊ တေးသံ၊ တီးဝိုင်းနဲ့အတူ အကသရုပ်ဖော်မှု၊ ကိုယ်ဟန်အမူ အရာပေါင်းစုံနဲ့ ကပြကြတဲ့ ပြိုင်ပွဲအမျိုးအစားတွေ ကိုရှုစားရမှာပါ။ တိုင်းရင်းသားအသီးသီးရဲ့သီချင်းတွေ၊ ရိုးရာဝတ်စုံ၊ တူရိယာတွေနဲ့အတူ သူတို့ရဲ့လူမှု ဘဝနဲ့ ဓလေ့ထုံးတမ်းတွေကို ယနေ့လူငယ်လေးတွေ ဘယ်လိုဖော်ထုတ်ကြမလဲ၊ ဘယ်လိုထိန်းသိမ်း ကြမလဲ တန်ဖိုးတွေကို တွေ့မြင်ရမှာပါ။ လူသားကိုယ်တိုင်မဟုတ်၊ ရုပ်သေးမှတစ်ဆင့် ဇာတ်ကောင် ရဲ့ခံစားချက်နဲ့ လှုပ်ရှားမှုကိုပေါ်လွင်အောင် ပြသကြရင်းဖြင့် ရုပ်သေးကြိုးဆွဲမှာလည်း ပါဝင်ယှဉ်ပြိုင် ကြပါဦးမယ်။

အရေးပြိုင်ပွဲမှာလည်း သူတို့ပါဝင်ကြပါတယ်။ မြန်မာစာကို ရေးသားနိုင်စွမ်းနဲ့ စာပေအနုပညာကို ဖန်တီးဖော်ထုတ်ကြမယ်။ မိမိရဲ့ ကိုယ်ပိုင်အတွေးအမြင်နဲ့ အယူအဆ၊ အကြောင်းအကျိုးနဲ့ ဆက်စပ် သုံးသပ်ချက်ကို ဖော်ထုတ်တတ်စေတဲ့ အခွင့်အလမ်းတစ်ခုလို့ မြင်ကြည့်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်စေ၊ အားလုံးသော ပြိုင်ပွဲဝင် အမျိုးအစား ဘာသာရပ်တိုင်းမှာ လူငယ်တွေပါဝင် နေတာကိုမြင်တွေ့ရမှာပါ။ လူငယ်တွေအနေနဲ့ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင်အဆင့် အနုပညာရှင်တွေရဲ့ လက်ရာများစွာကို လေ့လာခွင့်ရနေကြပါပြီ။ လူကြီးတွေအတွက်လည်း လက်ဆင့် ကမ်းရာရောက်သလို လူငယ်တွေအနေနဲ့လည်း ဆက်ခံရာရောက်ပြီးဖြစ်နေပါပြီ။ အမွေကောင်း တွေကို အတူတကွထိန်းသိမ်းကြရင်း တာဝန်ရှိမှုကို ပြသနေကြပါပြီ။

ဒီလို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက် နေခြင်းအကြောင်းတစ်ခုက နိုင်ငံသားတွေရဲ့ စိတ်အခြေခံကောင်းတွေကို တည်ဆောက်ခြင်းတွေ ပါဝင်နေလို့ဖြစ်ပါတယ်။ အရိုင်းမှသည် အယဉ်၊ စိတ်ထားနူးညံ့မှုဆီ အနုပညာက များစွာကူညီပေးနိုင်လို့ပါပဲ။ Global အကြောင်းပြ၊ အဓိပ္ပာယ်မဲ့မှုတွေမှာ အလွယ်တကူ မျောပါနေခြင်းကိုလည်း တားဆီးရာရောက်လို့ပါပဲ။ ရိုးရာမပျက် တီထွင် ဆန်းသစ်မှုနဲ့ရောစပ်ထားတဲ့ ခေတ်မီတဲ့ယဉ်ကျေးမှုကိုအားပေးပေမယ့် တစ်ဖက်က အမျိုးသားရေး စရိုက်မပျောက်အောင်တော့ သတိထားရပါမယ်။ 

ယဉ်ကျေးမှုကဏ္ဍမှာ အခြေခံပညာအဆင့် လူငယ်လေးတွေ ယခုလို ပါဝင်လာခြင်းဖြင့် ပညာရေးနဲ့ အနုပညာအခြေခံဝန်းကျင်ကောင်းကို ဖန်တီးပေးရာရောက်တယ်လို့ ယူဆပါတယ်။ အကောင်းဘက်ရှေးရှုသော အခွင့်အလမ်းအဖြစ် အမိအရဆုပ်ကိုင်နိုင်ဖို့သာ အရေးကြီးပါတယ်။ သို့မှသာ ပညာကိုအခြေခံတဲ့ ပညာပေးရာရောက်ပါမယ်။ အနုပညာချစ်စိတ်နဲ့အတူ တန်ဖိုးထားအပ် တာကို တန်ဖိုးထားတတ်အောင် လေ့ကျင့်မွေးမြူခြင်းကပဲ ယနေ့လူငယ်တွေကို ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေပါတယ်။

ဒါကြောင့် နိုင်ငံသားတိုင်းက ယဉ်ကျေးမှုအသိနဲ့ ပူးပေါင်းပါဝင်ကူညီကြပြီး မိမိတို့ရဲ့ကိုယ်ပိုင် မူဟန်များကို မြင့်သထက်မြင့်အောင် စိုက်ထူနိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ။