နေပြည်တော် စက်တင်ဘာ ၂၈
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓ ဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ နေပြည်တော် မသန်စွမ်းသူများ အသင်းတို့အား ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ လက်ခံတွေ့ဆုံသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယခုလို လွှတ်တော်ကို စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့လွှတ်တော် အစည်းအဝေးတွင် မေးခွန်းများမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဥပဒေပြုခြင်းဆိုင်ရာ ဆောင်ရွက်နေမှုများကို မျက်မြင်လေ့လာခွင့်ရသဖြင့် လွှတ်တော်က ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းသည့် ဗဟုသုတများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း ဒီမိုကရေစီစနစ်အရ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြီး မဏ္ဍိုင်(၃)ရပ် ပေါ်ပေါက်လာခဲ့ပါကြောင်း၊ ထိုမဏ္ဍိုင် (၃)ရပ်တွင် ပြည်သူများက မိမိတို့ဒေသအကျိုးနှင့် နိုင်ငံတော်အကျိုးအတွက် ဆန္ဒမဲပေးရွေးချယ်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်များလည်း ပါဝင်ပါကြောင်း၊ မိမိတို့နိုင်ငံသည် လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးပါကြောင်း၊ လွှတ်တော်၏ လုပ်ငန်းစဉ်များကို ထိရောက်စွာ အထောက်အကူပြုနိုင်ရေးအတွက်လည်း ကော်မတီများကို ဖွဲ့စည်းထားရှိပါကြောင်း၊ မိမိတို့ လွှတ်တော်၏ ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ပြည်သူများ ဥပဒေပြုရေးကဏ္ဍကို ပိုမိုသိရှိအောင် ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတကာပါလီမန်များနှင့်လည်း ဆက်သွယ်မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများကို ကိုယ်စားပြုသည့် လွှတ်တော်များအနေဖြင့် ပြည်သူများ၏ဆန္ဒနှင့် လိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လည်း မိမိတို့၏ ဒေသလိုအပ်ချက်များကို ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားရှိသည့် သက်ဆိုင်ရာကော်မတီများနှင့် မိမိတို့ မဲဆန္ဒနယ်မြေရှိ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ဖြေကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၊ နေပြည်တော် မသန်စွမ်းသူများအသင်းမှ တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်းဦး၊ သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးတင်မိုးအောင် (ခ)နေရှိုင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


