ရန်ကုန် အောက်တိုဘာ ၃
ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union- MPU) ဒုတိယဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ မြန်မာနိုင်ငံလွှတ်တော် အဖွဲ့(Myanmar Parliamentary Union- MPU) ဒုတိယဥက္ကဋ္ဌအနေဖြင့် လွှတ်တော်ချင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကဏ္ဍအသီးသီးကို သီးခြားစီ အကောင်အထည်ဖော် ဆောင်ရွက်ရသည့် လွှတ်တော်များပင် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီသက်တမ်းနုနယ်သေးသည့်အတွက် လွှတ်တော်၏ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရေးအတွက် ထိန်းသိမ်းလုပ်ဆောင် လျက်ရှိပါကြောင်း၊ မိမိတို့ လွှတ်တော်များသည် ဥပဒေပြုရေးမဏ္ဍိုင် စနစ်တကျခိုင်မာ အားကောင်းစေရန်နှင့် လွှတ်တော်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လွှတ်တော်များအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် လွှတ်တော်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာစီမံကိန်း (၅)နှစ်စီမံချက် ရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း၊ ယင်းစီမံချက်ပါ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက် စေရေးတို့ကိုလည်း အဆင့် အလိုက် စနစ်တကျအကောင် အထည်ဖော် ဆောင်ရွက်သွား ရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသို့လည်း မျှဝေပေးလိုပါကြောင်း၊ မိမိတို့ လွှတ်တော်တွင် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လွှတ်တော်ကဏ္ဍ လိုအပ်ချက်များကိုလည်း အားဖြည့်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် အမြဲ မျက်ခြည်မပြတ် လေ့လာလျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မဲဆန္ဒရှင် ပြည်သူများနှင့် နိုင်ငံတော်အကျိုးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ကြစေလို ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ လွဲမှားမှု မရှိစေလိုပါကြောင်း၊ လွှတ်တော် ဆိုသည်မှာ သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးမှ ပြည်သူတို့၏ ဆန္ဒနှင့် အညီ ရွေးချယ်တာဝန်ပေးအပ် ထားသည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် ဥပဒေပြု မဏ္ဍိုင် ဖြစ်ပါကြောင်း။
ဥပဒေပြုရေး လုပ်ငန်းသည် လွှတ်တော်၏ အဓိကလုပ်ငန်း တာဝန်ဖြစ်ပြီး လွှတ်တော်သည် နိုင်ငံသူနိုင်ငံသားများအား ဥပဒေအကာအကွယ်အောက်တွင် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ပြဋ္ဌာန်းပေးရန် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြ ရမည် ဖြစ်ပါကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေကို လေ့လာသုံးသပ်ပြီး ခေတ်နှင့် လျော်ညီသည့် ဥပဒေများပြဋ္ဌာန်း ပေးရန်လိုအပ်ပါကြောင်း၊ မိမိတို့ လွှတ်တော်အနေဖြင့် ပြည်သူများက ယုံကြည်အားကိုးအားထားပြုသည့် လွှတ်တော်တစ်ရပ် ဖြစ်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံ ဖော်ဆောင်သည့်အနေဖြင့် လွှတ်တော်သို့ မေးခွန်းများ၊ အဆိုများ တင်သွင်းသည့်အခါတွင် စာအရေးအသား၊ စကားရပ် အသုံးအနှုန်းများနှင့် ပတ်သက်၍ နိုင်ငံတော်မှ တရားဝင်ဖော်ပြသည့် အသုံးအနှုန်းများဖြင့်သာ သတိပြု ရေးသားပြောဆို ဆွေးနွေးကြ ရမည်ဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ မဲဆန္ဒနယ်မြေ အကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒကို အသေးစိတ်သိရှိရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော် တွင် အချိန်နှင့်တစ်ပြေးညီ တင်ပြ၍ အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု လိုအပ်ချက်များကို အမှန်တကယ် ဖော်ဆောင်ပေး နိုင်မည်ဖြစ်ပါကြောင်း၊ “ပြည်သူ့ အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူ့တို့ မျှော်လင့်ချက်၊ လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လွှတ်တော်မှ ဆောင်ရွက်နေသည့် ဆောင်ရွက်ချက်များကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဆိုရှယ်မီဒီယာနှင့် သတင်းမီဒီယာ ကဏ္ဍများကို အသုံးပြု၍ ပြည်သူများ သိရှိလာနိုင် စေရန် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးအချက် အချာကျသည့် တိုင်းဒေသကြီး ဖြစ်သည့်အလျောက် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများစိတ်ချမ်းသာစွာသွားလာနိုင်ရေး၊ ရေစီးရေလာ ကောင်းမွန်ရေးတို့ကို လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံကို နားစွင့်၍ ဆောင်ရွက်ပေးသွားကြရန် လိုအပ် ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင် က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၏ ဆောင်ရွက်လျက်ရှိသည့် လွှတ်တော်ဆိုင်ရာလုပ်ငန်း အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


