ပြည်သူ့ကျန်းမာရေး စွမ်းဆောင်ရည်မြှင့်တင်မှု စီမံချက်လုပ်ငန်းရလဒ်များ ရှင်းလင်းတင်ပြမှု အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၂၆   ဇန်နဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (မြန်မာ) (Help Age International Myanmar)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့်  ပြည်သူ့ကျန်းမာရေး စွမ်းဆောင်ရည်မြှင့်တင်မှုစီမံချက် လုပ်ငန်းရလဒ်များ ရှင်းလင်းတင်ပြမှု အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ ကောင်းမွန်တိုးတက်ခြင်းဖြင့် ပြည်သူများတွင် ရောဂါဖြစ်ပွားမှုများ လျော့နည်းကျဆင်းလာကာ နိုင်ငံတော်၏ ကျန်းမာရေးအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကူးစက်ရောဂါများသာမက ဖြစ်ပွားမှုများပြားသည့် မကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီး နှိမ်နင်းမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု စီမံချက်လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ပြည်သူ့ကျန်းမာရေးပညာရှင်များ၏ အရည်အသွေးကို ပိုမိုတိုးတက် ကောင်းမွန်စေမည်ဖြစ်ပါကြောင်း။

 

မကူးစက်တတ်သော ရောဂါများကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယခုအခါ အလေးထား ဆောင်ရွက်ခြင်း မပြုပါက နောင် (၅) နှစ်တာကာလအတွင်း၌ပင် ပြည်သူ့ကျန်းမာရေးပြဿနာ ကြီးအဖြစ် ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ တိုးတက် ကောင်းမွန်ခြင်းဖြင့် ပြည်သူများအကြား ရောဂါဖြစ်ပွားမှုများ ကျဆင်းလာကာဆေးရုံ၊ ဆေးခန်းများတွင် လူနာများလည်း လျော့နည်းလာမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေး သူများ အနေဖြင့်လည်း ထိုသို့နည်းပါးလာသော လူနာများကိုအရည်အသွေးပိုမိုပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နိုင်မည်ဖြစ်ပါကြောင်း။

 

ထို့အပြင်ကျန်းမာရေး အသုံးစရိတ်များကိုလည်း ကျန်းမာရေးကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်း များတွင် ပိုမိုအသုံးချသွားနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်နှင့် Thammasat Universityတို့ အကြားဆရာ၊ ဆရာမများအပြန်အလှန်ဖလှယ် သွားလာ၍ လေ့လာသင်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် ခြင်းသည် တက္ကသိုလ်များ၏ သင်ကြားသင်ယူမှုပုံစံများကိုအပြန်အလှန်လေ့လာနိုင်ခြင်းနှင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးများပိုမိုမြင့်မားလာခြင်းအကျိုးကျေးဇူးများရရှိသည် ဖြစ်သဖြင့် ‌ကောင်းမွန်ပါကြောင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးများ ပိုမိုမြင့်မားလာခြင်းဖြင့် ၎င်းတို့သင်ကြားပေးမည့် သင်ယူသူများ၏ အရည်အသွေးလည်းပိုမိုမြင့်မားလာ မည်ဖြစ်ပါကြောင်း။

 

ထို့အပြင် စီမံချက်ပါ လုပ်ငန်းများဖြစ်သည့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ရေရှည် ဘက်စုံဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းရေးဆွဲခြင်း၊ မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေး အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲခြင်း၊ နာတာရှည်အဆုတ်ရောဂါ၊ စိတ်ကျန်း မာရေးနှင့် မကူးစက်တတ်သောရောဂါများကာကွယ်ခြင်းနှင့် ကုသခြင်းစသည့် ကဏ္ဍများ အပါအဝင် မူဝါဒရေးရာအကြံပြုချက် (၁၀) ချက်ကိုရေးဆွဲခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ဝန်ကြီးဌာနတက္ကသိုလ်များမှ ဆရာ၊ဆရာမ (၁၀၀) ခန့်ကိုနိုင်ငံတကာ ပညာရပ် နှီးနှောဖလှယ်ပွဲများ တက်ရောက်စေခြင်းစသည့် လုပ်ငန်းများသည် ကောင်းမွန်ပါကြောင်း၊ ထိုသို့စီမံချက်လုပ်ငန်းများဖြင့် တက္ကသိုလ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဆရာ၊ ဆရာမများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများ၊ သင်ရိုးညွှန်းတမ်းများ ဆန်းစစ် မွမ်းမံခြင်းလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ တက္ကသိုလ်များအကြား ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုများ စသည်တို့ကို ဆောင်ရွက်ခဲ့ခြင်းသည် ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် ရေရှည်တိုးတက်ဖွံ့ဖြိုးမှုများ ရရှိစေမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးခဲ့သည့် European Union နှင့် HelpAge International အဖွဲ့တို့ကို ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။

 

ထို့နောက် European Union Ambassador  Mr.Kristian Schmidt က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး HealpAge International Asia Pacific Regional Office မှ Regional Director Mr. Eduardo Klien က စီမံချက်လုပ်ငန်းဆောင်ရွက်ခဲ့မှုအတွေ့အကြုံများကို ပြောကြားသည်။

 

ထို့နောက် HelpAge International Myanmar မှ Country Director Mr. Godfred Paul က စီမံချက်လုပ်ငန်းများအောင်မြင်စေရန် ပံ့ပိုးဆောင်ရွက်ခဲ့သည့် European Union Ambassador Mr. Kristian Schmidt၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်တို့ကို ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။

 

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)၊ ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာ လှလှဝင်းကပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) တို့တွင် စီမံချက်ပါလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခမ်းအနား အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် European Union နှင့် HelpAge International တို့က ပံ့ပိုးပြီးပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)တွင် ဖွင့်လှစ် ဆောင်ရွက်မည့် Center for Implementation Science ကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြင်ဆင်ထားရှိမှုများအား လှည့်လည်ကြည့်ရှုသည်။

(သတင်းစဉ်)