နေပြည်တော် စက်တင်ဘာ ၇
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၈) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေများရှိ သင်တန်းကျောင်းအသီးသီး၌ စုဖွဲ့၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြပြီး ယနေ့ နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၈) မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၈) မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ်----
၁။ စစ်မှုထမ်းဆင့်ခေါ်စာကြားလို့ ကျွန်တော် နေပြည်တော်ရောက်နေတဲ့အခိုက်မှာ လိုက်လာခြင်းဖြစ်ပါတယ်။ ကျွန်တော် အကောင်းဆုံးတော့ လေ့လာပြီး သင်ယူသွားမှာပါ။ သုံးလဆိုတဲ့ ကာလကလည်း မကြာဘူးလေ။ လေ့လာသွားမယ်။ ပြီးတော့ အကောင်းဆုံး ကျွန်တော်ကြိုးစားမယ်။ နောက်သင်တန်း တက်ရောက်မယ့်သူတွေလည်း ကိုယ်ထင်ထားတဲ့အတိုင်း မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ အရင်တုန်းကတော့ စစ်မှုထမ်းရမယ်ဆို ပြည်သူတွေအားလုံးက အလွန်ကြောက်နေကြတယ်။ အခုက နွေးနွေးထွေးထွေးကြိုဆိုကြတယ်။ ကိုယ်ထင်ထားသလိုမျိုးမဟုတ်ဘူး။ ဒီမှာ အားလုံးအဆင်ပြေကြတယ်။ ဆင့်ခေါ်စာကျရင် တက်ရောက်ကြပါလို့ ကျွန်တော် ဒီကနေပြောကြားချင်ပါတယ်။ နိုင်ငံတော်ကပေးအပ်တဲ့တာဝန်ကို အကောင်းဆုံး ကြိုးစားပြီး ထမ်းဆောင်သွားမယ်လို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။
၂။ စစ်မှုထမ်းက လူတိုင်းထမ်းရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကမ္ဘာပေါ်မှာနိုင်ငံပေါင်း ၁၉၇ နိုင်ငံရှိပါတယ်။ နိုင်ငံပေါင်း ၆၀ ကျော်မှာ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းထားတဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာလည်း မဖြစ်မနေ ထမ်းရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အပြင်လောကနဲ့မတူတဲ့ စည်းကမ်းတွေကို ကျွန်တော်တို့ ရရှိမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ တစ်ခါမှမသင်ယူဖူးတဲ့ စစ်ပညာတွေနဲ့ နိုင်ငံတော်ကာကွယ်ဖို့ပညာတွေကို ရရှိမယ်လို့ထင်ပါတယ်။ လူတိုင်းကတော့ စစ်သားမဖြစ်ပါဘူး။ ကျွန်တော်တို့ အခုလိုမျိုး တာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက် အများကြီးဂုဏ်ယူပါတယ်။ အလွန်ဝမ်းသာပါတယ်။ ကျွန်တော်တို့ကလည်း ကြိုးစားပြီးတော့သင်ယူပါမယ်။
သတင်းစဉ်


