ရန်ကုန် ဩဂုတ် ၁၉
ပြီးခဲ့သည့်ရာသီ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်သို့ တန်းတက်လာသည့် ချင်းလန်းအက်ဖ်စီအသင်းသည် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီသစ်အတွက် ပြည်ပကစားသမား ခုနစ်ဦးအထိ ခေါ်ယူကာ အသင်းအင်အားကို အဓိကဖြည့်တင်းခဲ့သည်။
ချင်းလန်းအက်ဖ်စီ ခေါ်ယူထားသည့် ပြည်ပကစားသမားများမှာ ဖာကီနာဖာဆိုနိုင်ငံသား နောက်ခံလူ ဘာဂါယာ၊ ဂီနီနိုင်ငံသား တိုက်စစ် မှူးများဖြစ်ကြသည့် Syllas နှင့် အယ်လ်ဖာ အိုဝါမီ ကာမာရာ၊ ဂါနာနိုင်ငံသား တိုက်စစ်မှူး ဖီးလစ်နှင့် ကွင်းလယ်လူ သောမတ်စ်၊ ကင်မရွန်းနိုင်ငံသား နောက်ခံလူ Djingui နှင့် ဘီနင်နိုင်ငံသား ကွင်းလယ်လူ Marc တို့ဖြစ်သည်။
ယင်းကစားသမား ခုနစ်ဦးအနက် ဂါနာနိုင်ငံသား တိုက်စစ်မှူး ဖီးလစ်နှင့် ကွင်းလယ်လူ သောမတ်စ်တို့သည် ပြီးခဲ့သည့် ရာသီကတည်းက ချင်းလန်းအသင်းနှင့်အတူ ခြေစွမ်းပြသခဲ့သည့် ကစားသမားဟောင်းများ ဖြစ်သည်။
ချင်းလန်းအက်ဖ်စီအသင်းသည် ရာသီသစ်အတွက် ရာသီကြိုခြေစမ်းပွဲအဖြစ် ယနေ့တွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ခြေစမ်းပွဲ ခုနစ်ပွဲကစား နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံး ရလဒ်ကိုပိုင်ဆိုင်ခဲ့သည်။
နေမျိုး၊ ဓာတ်ပုံ-CLFC


