ပြည်ကြီးတံခွန်မြို့နယ်တွင် Quarantine ဝင်ရန် သွားရောက်ခေါ်ရာ၌ ဓာတ်ပုံရိုက်သည်ကို မကျေနပ်သဖြင့် ဝိုင်းရိုက်မှုဖြစ်

မန္တလေး ၂၅ စက်တင်ဘာ

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ င ရပ်ကွက်တွင် စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သဖြင့် Quarantine ဝင်ရန်အတွက် သွားရောက်ခေါ်ရာမှာ ဓာတ်ပုံရိုက်သည့်အတွက် မကျေနပ်သဖြင့် ရာအိမ်မှူးအား ဝိုင်းဝန်းရိုက်နက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့သည့်သူနှင့် ထိတွေ့ခဲ့သည့် အမျိုးသမီးနှစ်ဦးအား လူမှုကူညီရေးအသင်းတစ်ခုနှင့်အတူ ရပ်ကွက်ရာအိမ်မှူး ဦးလှနိုင်က သွားရောက်ခေါ်စဉ် မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးအား ခေါ်ဆောင်လာစဉ် ဗိုလ်ဗထူးလမ်းနှင့် အောင်ဆန်းလမ်းကြား၊ လမ်းသွယ် ၈ ရောက်သောအခါတွင် မိသားစုဝင် ၅ ဦးလိုက်လာပြီး ဓာတ်ပုံရိုက်သည့်ကိစ္စအား မကျေနပ်ဟုဆိုကာ ညစ်ညမ်းစွာဆဲဆိုပြီး ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း၊ ဦးလှနိုင်၏ ဦးခေါင်းဖုယောင် နာကျင်ဒဏ်ရာ၊ ကျောကုန်းနာကျင်ဒဏ်ရာ၊ ပါးဖုယောင်ဒဏ်ရာနှင့် မေ့စေ့နာကျင်ဒဏ်ရာတို့ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ၎င်းတို့ ၅ ဦးအား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် (ပ)၄၉၅/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄၊ ၃၂၃၊ ၁၁၄ အရ အမှုဖွင့်ထားကြောင်း သိရသည်။

ဖြိုးအိ