ပညာဟူသည်

ကိုကျော်စွာ(ကျိုက်ပိ)

 

"ပညာပြည့်ဝ နှလုံးလှသော်

ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်

ကျဉ်းကျယ်ထွင်းဖောက်

ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏။"

မန်လည်ဆရာတော်

မာဃဒေဝလင်္ကာသစ်

ပညာနှင့်ပတ်သက်သော မန်လည်ဆရာတော်ကြီး ရေးသားခဲ့သော လင်္ကာကဗျာလေးက မှတ်သားဖွယ်ရာပင် ဖြစ်ပါသည်။"ပညာ"ဟူသော ဝေါဟာရသည် အလွန်ပင် ကျယ်ပြန့်ပါသည်။

အထက်ပါကဗျာလေးအတိုင်းပင် ပညာပြည့်ဝသော သူသည် နှလုံးသားလှ၍ မည်သည့်အမှုကိစ္စမဆို ဆောက် တစ်ချောင်းသဖွယ် ပြုလုပ်လိုသည့် အမှုကိစ္စတိုင်းကို လိုရာပုံသို့ ထွင်းထုပြုလုပ်နိုင်စွမ်းရှိပေသည်။

"ပညာ" ဟူသော ဝေါဟာရကို စကားတစ်လုံးချင်းလည်း သုံးပါသည်။ "ဉာဏ်"နှင့် ယှဉ်တွဲ၍လည်းသုံးပါသည်။ အခြားစကားလုံးများနှင့်လည်းတွဲ၍ သုံးပါသည်။

 

" ဉာဏ်ပညာ၊ အသိပညာ၊ အတတ်ပညာ၊ သုခုမပညာ၊ နှုတ်မှုပညာ၊ လက်မှုအတတ်ပညာ" စသည်ဖြင့် တွဲသုံး လေ့ရှိကြသည်။ အဆိုပါ "စကားတစ်လုံးချင်းအလိုက်" "အတွဲလိုက်" ဝေါဟာရအဓိပ္ပာယ်ဖွင့်ဆိုချက် အသီးသီးရှိပါ သည်။

 

"ဉာဏ်" သိမြင်တတ်သောတရား၊အသိတရား၊ "ပညာ" ဟူ၍ အနက်အဓိပ္ပာယ်အချုပ်အားဖြင့် ဖွင့်ဆိုနိုင်ပေသည်။ ထိုသို့ သိမြင်တတ်သောတရား အသိတရားကိုပင် "ပညာ" ဟူ၍လည်း ထပ်လောင်းဖွင့်ဆိုညွှန်းထားပါ သည်။

 

အသိပညာ

ဆက်လက်၍ "အသိ" ကို ဆင်ခြင်တတ်မှု၊ နားလည်မှု ဟူ၍ ဖွင့်ဆိုပါသည်။ တစ်ဖန် "အသိပညာ" ဟူသည် "ဆင်ခြင်တတ်သော၊ မြော်မြင်တတ်သောတရား၊ ဆင်ခြင် တတ်သော ဉာဏ်ဟူ၍လည်း "အသိ၊ ဉာဏ်နှင့်ပညာ" ကို ဆက်စပ်၍ "အသိဉာဏ်ပညာ"ဟူ၍လည်းစပ်ဟပ်၍ ယူရန်သင့်ပါသည်။

 

အတတ်ပညာ

 

အတတ်ပညာဟူသည် "အတတ်နှင့်ပညာ"ကို တွဲသုံး ထားခြင်းဖြစ်ပါသည်။ "အတတ်" ဟူသည် ပြုလုပ်နိုင် ပြုလုပ်တတ်သော စွမ်းရည်ပင်ဖြစ်သည်။ အတတ်ပညာတွင် "နူတ်မှုအတတ်ပညာနှင့် လက်မှုအတတ်ပညာ"တို့ ဖြစ် သည်။ နှုတ်မှုအတတ်၊ လက်မှုအတတ် ဟူ၍လည်းသုံးပါ သည်။ တစ်ဖန် "စက်မှုအတတ်"သည်လည်း အတတ်ပညာ အဖြစ် အကျုံးဝင်ပြန်ပါသည်။

 

"နှုတ်မှုအတတ်ပညာ" ကို တစ်ဖန် "သုခုမပညာ" ဟုလည်း ဆိုနိုင်ပေသည်။ ဂီတ၊ ကဗျာ စသည်တို့ကို လည်း နှုတ်မှုပညာ (ပါ-သုခုမ-ပညာ)ဟူ၍ ဖော်ပြနိုင်ပေ သည်။ "အနုသုခုမပညာဟူ၍လည်းကောင်း၊အနုပညာဟူ၍ လည်းကောင်း သုံးနိုင်ပါသည်။

"လက်မှုအတတ်ပညာ"တွင် စက်မှု၊ ပန်းချီ၊ ပန်းပု အနုပညာအပြင် အခြားသော လက်မှုအတတ်ပညာ များစွာလည်း အကျုံးဝင်ပါသည်။ ထို့ပြင် "ပညာ" နှင့် စပ်လျဉ်း၍ ပညာရှိ၊ ပညာရှင်၊ သုခမိန်၊ ပညာရည်ပြည့်ဝသူ စသည်ဖြင့်လည်း ခေါ်ဝေါ်ကြသေးသည်။ "ပညာရှိ" မှာ ဉာဏ်ပညာအကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသူကို ဆိုလိုသည်။"ပညာရှင်" ဟူသည်ကား ပညာရပ်တစ်ခုခုတွင် တတ်သိကျွမ်းကျင်သူကို ဆိုလိုရင်းဖြစ်သည်။ "သုခမိန်" ဟူသည် သိမ်မွေ့ထက်မြက်သော အသိအမြင်ရှိသူ ပညာရှိ ဟူ၍ပင် ထပ်ဆင့်အဓိပ္ပာယ်ဖွင့်ဆို ဖော်ညွှန်းကြပြန်သည်။ "ပညာရည်" ဆိုသည်မှာ ဂဏန်းသင်္ချာအတတ်၊ မြေပုံ အတတ်၊ ရာဇဝင်အတတ်ပျို့၊ ကဗျာလင်္ကာအတတ်၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊နီတိကျမ်း၊ ပိဋကတ်ကျမ်း စသော လောကီ၊ လောကုတ္တရာ "စာပေပညာအတတ်" တို့ကို တတ်ခြင်း၊ အထူးသဖြင့် "နှုတ်မှု၊ လက်မှု၊ စက်မှု" စသော အသက်မွေးဝမ်းကျောင်းလုံလောက်သော ပညာတတ်ခြင်း တို့ကို ဆိုလိုသည်။

 

ပညာဟူသည် လူ့ဘောင်အဖွဲ့အစည်းတွင် အရေးပါဆုံး သော ကဏ္ဍတစ်ရပ်ဖြစ်ပေသည်။ နိုင်ငံတစ်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတို့၏ အခြေခံအုတ်မြစ်လည်း ဖြစ်ပေသည်။ပညာဟူသည် စဉ်းစားတွေးခေါ်ဝေဖန်ပိုင်းခြား နိုင်သော ဉာဏ်ကိုပေးစွမ်းနိုင်သော စွမ်းရည်များဖြင့်လည်း ပြည့်စုံပေသည်။ ထို့ကြောင့် ခိုင်မာသော တိုးတတ်သော လူ့ဘောင်အဖွဲ့အစည်းတစ်ခုဖြစ်နိုင်ရန်အတွက် ပညာသည် အဓိကဖြစ်သည်ဟု ရေးသားတင်ပြလိုက်ရပါသည်။

ကြေးမုံ