ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁၈၄၅ သိန်းတန်ဖိုးရှိ အက်စီတုန်းအက်စစ်များနှင့် တော်လူအင်းအက်စစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂ ဇွန်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့များသည် ဇွန် ၁ ရက် နံနက် ၃ နာရီက ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ မန္တလေး-လားရှိုးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၃၂/၆)တွင် မသင်္ကာဖွယ်ရပ်တန့်ထားသည့် MAN အမျိုးအစား (၂၂)ဘီးတွဲယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်မောင်းအား မတွေ့ရှိရဘဲ ယာဉ်ပေါ်မှ ငွေကျပ် ၁၈၄၅ သိန်းတန်ဖိုး အက်စီတုန်းအက်စစ် ၁၃၅၀ဝ လီတာနှင့် တော်လူအင်းအက်စစ် ၁၄၄၀ဝ လီတာတို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယာဉ်မောင်းဖြစ်သူမှာ ကျောက်ဆည်မြို့နယ်၊ ကုလားကျောင်းကျေးရွာအုပ်စု၊ ရွာနန်းကျေးရွာနေ ပြုံးချို(ဖမ်းမမိ)ဖြစ်ကြောင်း သိရှိရသည်။

 

အလားတူ မေ ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် သီပေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ တုံစင့်ကျေးရွာအုပ်စု၊ တုံစင့်ကျေးရွာနေ ဆန်းကျော် (ခ) အုန်းကျော်၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူဇနီးဖြစ်သူ မအေးမှုံအား တွေ့ရှိရပြီး ၎င်းတို့ ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၇၀ နှင့် ငွေကျပ် ၄၄၀ဝ၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား