ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ထောပတ်ပဲ ၉၅၈၀ ဧက လျာထားစိုက်ပျိုးမည်

ပွင့်ဖြူ     စက်တင်ဘာ     ၇

            မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ထောပတ်ပဲ ၉၅၈၀ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

            ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ထောပတ်ပဲ ၉၅၈၀ ဧက စိုက်ပျိုးရန် လျာထားပြီး အဆိုပါ ထောပတ်ပဲစိုက်ပျိုးခြင်းကို ယခုနှစ် အောက်တိုဘာလတွင် စတင်စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ်မှတ် စိုက်ဧကများ ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်နှင့် ပန်းတိုင်အထွက်နှုန်းများရရှိစေရန် မျိုးကောင်းမျိုးသန့်များ ရရှိရေးနှင့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

            "ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်အတွင်း ထောပတ်ပဲ ၉၅၈၀ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ထောပတ်ပဲစိုက်ပျိုးမှုအနေနဲ့ လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ တောင်သူတွေကိုလဲ စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးကြဖို့ ၊ အထွက်နှုန်းကောင်းတဲ့ မျိုးတွေ ရွေးချယ်စိုက်ပျိုးကြဖို့ ၊ မြေဩဇာနဲ့ သွင်းအားစုတွေ မှန်မှန်ကန်ကန် သုံးစွဲကြဖို့ ၊ စိုက်ပျိုးရေ စနစ်တကျ သုံးစွဲကြဖို့ ၊ GAP နည်းစနစ်နဲ့ စိုက်ပျိုးကြဖို့ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

            ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်း ထောပတ်ပဲသီးနှံအပါအဝင် ပဲမျိုးစုံသီးနှံစိုက်ပျိုး တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံများ အထွက်နှုန်းကောင်းမွန်ရေး ၊ ဒေသနဲ့ ကိုက်ညီသော အထွက်နှုန်းကောင်း မျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ၊ ပိုးမွှားရောဂါကင်းရှင်းရေး စသည့် စိုက်ပျိုးရေးနည်းပညာပေးခြင်း များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

           

            ထောပတ်ပဲကို အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့် အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် ထောပတ်ပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းစိုက်ပျိုးသင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။   လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )