ပင်လယ်ပြင်ကျယ်ကြီးထဲက ဉာဏ်ရည်မြင့်မားတဲ့ စိတ်ဝင်စားစရာ သတ္တဝါတွေ

ကေ-ဂျူဝယ်လ်

 

မင်္ဂလာပါကလေးတို့ရေ။ ပင်လယ်ကြီးထဲမှာဖြစ်ဖြစ်၊ မြစ်၊ ချောင်း၊ အင်းအိုင်တွေမှာဖြစ်ဖြစ် ရေသတ္တဝါတွေရှိကြသတဲ့။ ရေသတ္တဝါဆိုတာ ကလေးတို့ သိကြမှာပါ။ ငါး၊ ပုစွန်၊ မိကျောင်း၊ လိပ်၊ ကဏန်း၊ ရေဘဝဲနဲ့ အခြားသောရေထဲမှာ နေကြတဲ့ အကောင်တွေပေါ့ကွယ်။ မမတို့ကမ္ဘာကြီးဟာ မြေကြီးထက် ရေပြင်ကြီးတွေက ပိုများတာကြောင့် ရေသတ္တဝါပေါင်းများစွာလည်း ရှိတာပေါ့။ ဒီတစ်ပတ်မှာတော့ ကလေးတို့ ကြားဖူးနေကျ အမည်တွေနဲ့ မြင်ဖူးသိဖူးတဲ့ ရေသတ္တဝါတွေထဲက ဉာဏ်ရည်မြင့်မားတဲ့ ပင်လယ်သတ္တဝါတွေအကြောင်းကို စတင်ပြောပြပါမယ်။

 

ရေဘဝဲ

 

ခြေထောက်ရှစ်ချောင်းရှိတဲ့ ရေဘဝဲတွေ ရေထဲမှာ သွားလာနေတဲ့ပုံကို ကလေးတို့ ကာတွန်းကားတွေ၊ ဇာတ်လမ်းတွေနဲ့ ရုပ်သံသတင်းတွေမှာ မြင်ဖူးကြမှာပါ။ သူတို့တွေက ငါးနဲ့လည်းမတူ၊ ပုစွန်နဲ့လည်းမတူဘဲ ပျော့တိပျော့ပြဲ ပုံသဏ္ဌာန်တစ်မျိုးနဲ့ ရေထဲမှာ နေကြသူတွေပေါ့။ မမသိရသလောက် သူတို့ဟာ ကျောရိုးမဲ့သတ္တဝါတွေအထဲမှာတော့ ဉာဏ်ရည်မြင့်မားတဲ့ သတ္တဝါတွေ ဖြစ်ပါသတဲ့။ မာကျောတဲ့အရိုးတွေမပါတဲ့အတွက် ဘယ်နေရာကို ဖြစ်ဖြစ် လျင်လျင်မြန်မြန် ဝင်ထွက်သွားလာနိုင်သလို သူတို့ကို နှောင့်ယှက်မယ့်ရန်သူတွေနဲ့ ကြုံလာရင်လည်း အဆိပ်ရည်တစ်မျိုးကို ထုတ်လွှတ်ပြီး အန္တရာယ်ပြုလေ့ ရှိကြသတဲ့။ ရေဘဝဲအမျိုးအစားပေါင်း ၃၀ဝ ဝန်းကျင်ရှိသတဲ့။ သူတို့တွေ အားလုံးဟာ အဆိပ်ရည်ကို ပိုင်ဆိုင်ထားကြပေမယ့် လူကိုသေစေနိုင်တဲ့ အန္တရာယ်ရှိတဲ့ အဆိပ်ပါတာတော့ ရေဘဝဲအမျိုးအစား တစ်မျိုး၊ နှစ်မျိုးလောက်ပဲ ရှိတာပါ။ အပြာရောင်ရှိတဲ့ သူတို့ရဲ့အဆိပ်ရည်တွေက ပင်လယ်ရေထဲမှာ ရန်သူတွေကို ကာကွယ်ပေးနိုင်ပြီး သူတို့ဟာ အရောင်ပြောင်းလဲပြီး ပုန်းတာနဲ့ ရန်သူကိုပုန်းပြီး အနောက်ကနေ အလစ်ဝင်တိုက်တာမျိုးကိုလည်း လုပ်နိုင်ပါသတဲ့။ သန္တာကျောက်တန်းတွေနဲ့ သမုဒ္ဒရာကြမ်းပြင်အောက် အတော်နက်နက်မှာ သူတို့နေကြပြီး စုပ်ခွက်ကြီးတွေပါတဲ့ လက်ရှစ်ချောင်းကလည်း ရေသတ္တဝါငယ်လေးတွေကို အလျင်အမြန်နဲ့ ဖမ်းယူ စားသောက် တတ်တာမို့ ငါးသေးသေးလေးတွေကတော့ သူ့ကို ကြောက်ကြတာပေါ့ကွယ်။

 

အမဲလိုက်တဲ့ အော်ကာဝေလငါး (whale Orca)

 

ကလေးတို့ရေ ဉာဏ်ကောင်းပြီး အမဲလိုက်တတ်လွန်းတဲ့ ဝေလငါးတစ်မျိုးရှိပါတယ်။ သူက နောက်ကျောဘက်က အနက်ရောင်ရှိပြီး ဝမ်းဗိုက်ကတော့ အဖြူရောင်ရှိပါတယ်။ မျက်လုံးနှစ်လုံး စလုံးက အဖြူရောင်ဖြစ်ပြီး အသားစားမျိုး ဖြစ်ပါတယ်။ အမဲလိုက်တဲ့အခါမှာ အလွန်ကို ဉာဏ်များသလို သူ့ခန္ခာကိုယ်အရွယ်အစားကိုလည်း သေးသွယ်သယောင် ဖန်တီးတတ်ပါတယ်။ သူတို့မှာ မျိုးကွဲပေါင်း လေးမျိုးလောက်ရှိပြီး အများစုဟာ ကမ်းရိုးတန်းတွေအထိ ကျက်စား ကြတာပေါ့။ ရေပေါ်ကိုလည်း ခုန်တက်လာတတ်သလို အလွန်လည်း ရေကူးကျွမ်းပါတယ်။ တစ်နာရီမှာ ကီလိုမီတာ ၆၀ ကနေ ၇၀ အထိ ရေကူးနိုင်ကြပါတယ်။ ပြီးတော့ ရေနေနို့တိုက် သတ္တဝါတွေထဲမှာ သူပါတာပေါ့။ တစ်နေ့ကို ကီလိုမီတာ ၁၀ဝ အကွာအဝေးလောက်ကို အစာရှာနေကြပါသတဲ့။ သူတို့ဟာ အသံလေးတွေကိုလည်း ဖန်တီးနိုင်ပြီး ပဲ့တင်သံကို နားထောင်လို့ သူတို့ရဲ့အစာကို ရှာဖွေတတ်ကြတာပါ။ သူတို့ကို လူသားတွေကလွဲပြီး ပင်လယ် ထဲက တိရစ္ဆာန်အတော်များများကတော့ ဒုက္ခမပေးနိုင်လောက်တဲ့အထိ အစွမ်းရှိ ကြပါတယ်။ ငါးမန်းတွေ၊ ဝေလငါးတွေကနေစပြီး ပင်ဂွင်ငှက်တွေ၊ ပင်လယ်ဖျံ တွေနဲ့ ငါးအမျိုးအစားအားလုံးကို သူကတော့ အမဲလိုက်ပစ်တာပဲပေါ့။ ရေခဲပြင် တွေအောက်မှာလည်း တိုက်ခိုက်နိုင်သလို သူ့မှာပြင်းထန်တဲ့အဆိပ်ရှိပြီး သူ့အစာဟာ ဘယ်တော့မှ သူတို့လက်ထဲက လွတ်ရိုးထုံးစံ မရှိသလောက်ပါတဲ့။ အမဲလိုက် ဝေလငါးမေမေတွေဟာ သူ့ရဲ့သားသမီးတွေကို အသံထွက်စေဖို့ သင်ကြားပေးသလို သူတို့မိသားစုဝင်တွေ ဆက်သွယ်တဲ့အသံစနစ်ဟာလည်း အတော်လေး အဆင့်မြင့်တယ်လို့ စူးစမ်းရှာဖွေသူတွေက ဆိုပါတယ်။

 

လင်းပိုင်

 

ဘောလုံးလေးတွေနဲ့ ရေထဲမှာအလှပြတဲ့ ဆပ်ကပ်လင်းပိုင်လေးတွေကို ရုပ်သံတွေမှာ မြင်ဖူးကြသလား။ လင်းပိုင်တွေဟာ ပင်လယ်၊ မြစ်၊ ချောင်းတွေထဲမှာ အလုပ်လုပ်နေကြတဲ့ ပင်လယ်ပျော်ကြီးတွေရဲ့ အချစ်တော်တွေပေါ့ ကလေးတို့ရေ။ သူက ဝေလငါးနဲ့လည်း အမျိုးတော်စပ်တာပေါ့။ မျိုးစိတ်ကတော့ ၄၀ လောက်ရှိပြီး အရွယ်အစားကတော့ သုံးပေ လောက်ကနေ ပေ ၃၀ လောက်အထိ ရှည်ကြတဲ့အကောင်တွေပဲ။ အရောင်က အမည်းရောင် ခပ်မွဲမွဲဖြစ်ပေမယ့် အလွန်နူးညံ့တဲ့ အရေပြားကို ပိုင်ဆိုင်ထားကြတယ်။ လင်းပိုင်တွေက ရေဘဝဲတွေလိုပဲ ဉာဏ်ကောင်းတဲ့အကောင်တွေပေါ့။ ထက်ထက်မြက်မြက်ရှိတဲ့အတွက် အစာရှာရာမှာ လွယ်ကူသလို လူတွေနဲ့လည်း အင်မတန်မိတ်ဆွေဖြစ်လွယ်တဲ့ ရေသတ္တဝါပေါ့။ လူတွေနဲ့ ဆော့တယ်။ အတူတူ ရေကစားတယ်ဆိုတော့ အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေလိုပဲလို့တောင် ထင်ရပါတယ်။ ပင်လယ်ထဲမှာ၊ မြစ်တွေထဲမှာ သင်္ဘောတွေ မောင်းသွားရင် သူတို့သိပ်ပျော်ကြသတဲ့။ သင်္ဘောကြီးတွေနောက်ကနေ အုပ်စုလိုက် မိုင်ပေါင်းများစွာ လိုက်သွားကြပြီး အားရပါးရမြူးတူးကြပါသတဲ့။ မမတို့ဆီမှာလည်း ဧရာဝတီလင်းပိုင်လို့ခေါ်တဲ့ လင်းပိုင်တွေဟာ ဧရာဝတီမြစ်ကြီး အလယ်ပိုင်းတစ်လျှောက်မှာ အုပ်စုလိုက်ရှိကြပါတယ်။ ငါးဖမ်းတဲ့ တံငါသည်တွေကို ဘယ်နေရာမှာ ငါးအုပ်ရှိနေလဲဆိုတာ သတင်းပေးတတ်သတဲ့။ အကောင်ကြီးသလို အစားလည်းပုတ်တဲ့အတွက် ငါးလေးတွေကိုဆိုရင် အုပ်စုလိုက်မြင်တာနဲ့ တစ်အုပ်စုလုံးကို ကုန်အောင်စားပစ်တတ်သတဲ့။ ဒါပေမယ့် သူတို့ဟာ လူတွေနဲ့ ရင်းနှီးလွယ်တဲ့အတွက် သတ်ဖြတ်စားသုံးမှုကိုလည်းခံရတဲ့ သနားစရာသတ္တဝါတွေပေါ့ ကလေးတို့ရေ။   ။