ပင်လုံစိတ်ဓာတ် အမွေခံယူ

၂၄  ဇန်နဝါရီ

ပင်လုံသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့၏ လမ်းဆုံသည့် နေရာ၊ လွတ်လပ်ရေးမရမီက လဲချားစော်ဘွားနယ်အတွင်းပါရှိသော မြို့ကလေးတစ်မြို့ ဖြစ်သည်။ နယ်ချဲ့ ကိုလိုနီသွေးခွဲအုပ်ချုပ်မှုစနစ်အရ တောင်တန်းဒေသများကို ပြည်မနှင့် ခွဲခြားအုပ်ချုပ်ခဲ့သည့်အလျောက် နယ်ခြားဒေသ အတွင်းဝန်တစ်ဦး၏အောက်တွင် ဩဇာအာဏာကန့်သတ်မှုများဖြင့် စော်ဘွားများအား ၎င်းတို့၏အရိုက်အရာကို ဆက်လက်ပေးအပ်ထားခြင်းအားဖြင့် တောင်တန်းများပေါ်၌ ပဒေသရာဇ်စနစ် ဆက်လက်တည်ရှိ နေခဲ့သည်။ တိုင်းရင်းသားပြည်သူများ၏ဘဝများမှာမူ ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့ကာ ဘိန်းနှင့် လောင်းကစားနွံတွင်း နစ်မြုပ်ခဲ့ကြရသူက များပြားခဲ့သည်။

နယ်ချဲ့ အစိုးရလက်ထက် မြန်မာနိုင်ငံအုပ်ချုပ်ရေးတွင် ပြည်မနှင့် တောင်တန်းဒေသဟူ၍ ခွဲခြားခဲ့ရာ ၁၉၃၅ ခုနှစ် ဗမာနိုင်ငံအစိုးရ အက်ဥပဒေအရ ရွေးကောက်တင်မြှောက်သည့် အစိုးရက ပြည်မကို အုပ်ချုပ်ခဲ့ပြီး တောင်တန်းဒေသများကို ဘုရင်ခံက အုပ်ချုပ်ခဲ့သည်။

တောင်တန်းဒေသ (ဝါ) နယ်စပ်ဒေသ (Frontier Areas) များကို အင်္ဂလိပ်တို့က ကန့်သတ်ဒေသများ (ဇယားဝင်ဒေသများ) (Scheduled Area) ဟုလည်း ခေါ်ဝေါ်ခဲ့သည်။ ၁၉၃၅ ခုနှစ် ဗမာနိုင်ငံအစိုးရ အက်ဥပဒေ သီးသန့်ဇယားတွင် ထည့်သွင်းဖော်ပြထားခြင်းကြောင့် ဇယားဝင်ဒေသများဟု ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပြီး တောင်တန်းဒေသနေ လူထုမှာ နိုင်ငံရေးအရ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးဟူသော အကြောင်းပြချက်ဖြင့် ဘုရင်ခံကတိုက်ရိုက် အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရယူရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကြိုးပမ်းမှုကာလအတွင်း နယ်ချဲ့အစိုးရ၏ ကိုယ်စားလှယ်ဖြစ်သော နယ်ခြားဒေသ အတွင်းဝန်သည် တိုင်းရင်းသားများအကြား သွေးခွဲသပ်လျှိုမှုများ၊ သံသယပွားစေမည့် ရန်တိုက်ပေးမှုများကို ခြေလှမ်းသွက်သွက်ဖြင့် တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ အဓိက ဦးတည်ချက်မှာ မြန်မာနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေးပေးရလျှင် ပြည်မကိုသာပေးအပ်ပြီး တောင်တန်းဒေသများကို ၎င်းတို့၏အင်ပါယာ ကာကွယ်ရေးတွင် တစ်စိတ်တစ်ဒေသအသုံးပြုနိုင်ရန်အတွက် ချန်လှပ်ထားရန်ပင်ဖြစ်သည်။

နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု (Divide and Rule) အရ 'နယ်ခြားဒေသကျော်ဖြတ်မှု ချုပ်ကိုင်ရေးဥပဒေ' {Frontier Crossing Act) ဖြင့် (ဖမ်းဆီးချုပ်နှောင်ခြင်း၊ နယ်နှင်ခြင်း အခွင့်အာဏာများဖြင့် တောင်တန်းဒေသနှင့် ပြည်မအကြား နိုင်ငံရေးအရ ဆက်သွယ်မှုမပြုလုပ်ရန် တင်းကျပ်စွာ တားမြစ်ထားခဲ့သည့်တိုင် တောင်တန်းဒေသမှ တိုင်းရင်းသား ခေါင်းဆောင်များသည် တောင်ပေါ်မြေပြန့် မခွဲခြားဘဲ တစ်သွေးတည်း တစ်သားတည်း စည်းလုံးညီညွတ်ကြောင်းကို ပြသခဲ့ကာ လုံးဝလွတ်လပ်ရေးကို ဦးတည်သည့် ပင်လုံညီလာခံကြီးကို အောင်အောင်မြင်မြင် ပေါ်ပေါက်လာစေခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များ ဦးဆောင်ကြိုးပမ်းမှုဖြင့် တောင်တန်းဒေသများနှင့် ပြည်မတို့ပူးပေါင်းကာ လွတ်လပ်ရေးကို ရယူခဲ့ကြရသည်မှာ အလွယ်တကူမဟုတ်ခဲ့။ ပင်လုံညီလာခံ ကျင်းပရန်သည်ပင် လွယ်ကူခဲ့သည်မဟုတ်ဘဲ ကိုယ်ကျိုးစီးပွား လက်မလွှတ်လိုသည့် ပဒေသရာဇ်များ၊ ကိုလိုနီနယ်ချဲ့များနှင့် ၎င်းတို့၏ ဩဇာခံများ၊ အာဏာရက်ငမ်းငမ်းတက်သည့် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၏ အနှောင့်အယှက်၊ အဖျက်အမှောင့်ပယောဂများကို ရင်ဆိုင်ကျော်လွှားခဲ့ကြရသည်။ လွတ်လပ်ရေးကို အတူတကွ ရယူလိုသည့် မျှော်မှန်းချက်၊ အေးအတူပူအမျှ တန်းတူရည်တူ ယှဉ်တွဲကာ နေထိုင်သွားလိုသည့် စိတ်ဓာတ်တို့ဖြင့် စည်းလုံးညီညွတ်ခဲ့ကြခြင်းကြောင့်သာ ပင်လုံညီလာခံကြီး ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ပြီး ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုခေတ်ထိုကာလက မိမိတို့ ဘိုးဘေးများ၏ နှလုံးအိမ်၌ တည်ရှိခဲ့သော စိတ်ဓာတ်သည် “ပင်လုံစိတ်ဓာတ်”အဖြစ် ခေတ်သမိုင်းကို ရေးထိုးထားရစ်ခဲ့သည်။

ပင်လုံစာချုပ်ရေးထိုးခဲ့ကြသည်မှာ နှစ်ကာလအားဖြင့် (၇၃) နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး တစ်သွေးတည်း တစ်သားတည်းဖြစ်သည်ဟူသော စည်းလုံး ညီညွတ်သည့် စိတ်ဓာတ်နှင့်ခွန်အားတို့မှာ ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ရေး၏ သွေးနှင့်အသက်ပမာ ဖြစ်သည်ကို ထာဝရနှလုံးသွင်း နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း