ပါဠိနှင့် အင်္ဂလိပ်စာ စွယ်စုံတော်သည့် ဆရာကြီး

ဝမ်းအိုဝမ်းကျော်ဝင်းမောင်

 

၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ဗန်းမော်စာပေတိုက်မှ ထုတ်ဝေသော ဆရာ ဝမ်းအိုဝမ်းကျော်ဝင်းမောင်၏ မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် စာအုပ်မှ အခန်း (၁၀) ပါ ပါဠိနှင့် အင်္ဂလိပ်စာ စွယ်စုံတော်သည့် ဆရာကြီးကို ဆရာ ဝမ်းအိုဝမ်းကျော်ဝင်းမောင်၏ မိသားစုထံမှ ခွင့်ပြုချက်ဖြင့် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

 

(ယမန်နေ့မှအဆက်)

 

နဝမမြောက် ဂျီစီဘီအေ နိုင်ငံရေးကွန်ဖရင့်မှာ ဆရာကြီးရဲ့ အင်္ဂလိပ်စာ အရေးအသားကောင်းပုံကို ဗဟိုအမျိုးသား အထက်တန်းကျောင်း ဆရာဟောင်း ဦးထွန်းမောင်က မန္တလေးဗဟိုရ်စည်သတင်းစာတွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားပါတယ်။

 

နဝမမြောက် ဂျီစီဘီအေ ကွန်ဖရင့် (တစ်မျိုးသားလုံး မြန်မာပြည်စည်းရုံး ညီညွတ်သည့် အချိန် ၁၂၈၂ ခုနှစ် မန္တလေးမြို့တွင် ကျင်းပပြုလုပ်ရန် စိုင်းပြင်းသည့်အခါ နဝမမြောက် ဂျီစီဘီအေ၏ “ဧည့်ခံကော်မတီဥက္ကဋ္ဌ ဒီပဲရင်း ဝန်ထောက်မင်း ဦးမြ၏ နှုတ်ခွန်းဆက်မိန့်ခွန်းစကားများကို ဦးဘဦး၊ ဦးဘဖေ၊ ရွှေဘို ဦးမောင်မောင်ကလေး၊ သူဌေးတန်း ဦးဘတင် (ဦးထွန်းရှိန်၏ညီ)၊ ဦးသူတော် (သမဝါယမ) နှင့် ဆရာကြီးရာဇတ်ခေါ် ဘာဘူကြီးတို့ ခေါင်းချင်းရိုက် တိုင်ပင်ကြပြီး မြန်မာဘာသာဖြင့်လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း စာခေျာရေးသားစီကုံးရန် ဆရာကြီးအား တာဝန်ပေးလိုက်၏။ ထိုစဉ်အခါ အစိုးရမှာ ဧည့်ခံကော်မတီဥက္ကဋ္ဌ မိန့်ခွန်းစကားများကို ကြားသိရသောအခါမှစ၍ အင်္ဂလန်ပြည် အစိုးရကက်ဘိနက်အဖွဲ့ကပင် ကြက်သီးမွေးညင်း ထွက်တော့၏။ အဲဒီအချိန်ကပေါ်လာသော စကားတစ်လုံးသည်ကား အင်္ဂလိပ်လူမျိုးများကို မြန်မာများက ဓားပြဟု စတင်ခေါ်ကြလေ၏။ ။

မြန်မာပြည် ဒိုင်အာခီအုပ်ချုပ်ရေးအစိုးရလက်ထက် မန္တလေး အမတ် (ဗဟိုအမျိုးသား အထက်တန်းကျောင်း ဆရာဟောင်း) ဦးဘဖေသည် လွှတ်တော်အစည်းအဝေးတွင် နိုင်ငံခြားသို့ ပညာတော်သင် တစ်နှစ်လျှင် ခြောက်ယောက်မှ ၁၂ ယောက်အထိ စေလွှတ်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို ဆရာကြီး ရာဇတ်အား အင်္ဂလိပ်လို ပြင်ဆင်ပေးရန် ပြော၍ ဆရာကြီးက ၎င်းအဆိုနှင့်ပတ်သက်၍ အထောက်အထားအချက်အလက် ပြည့်စုံစွာဖြင့် တန်ဆာဆင်ပေးသော အဆိုလွှာကို ရေးသားပေး၏။ လွှတ်တော်အစည်းအဝေးတွင် အမတ်ဦးဘဖေက ထိုအဆိုကို ဖတ်ပြတင်သွင်းရာ ရန်ကုန်မြို့ထုတ် အင်္ဂလိပ်သတင်းစာ အစောင်စောင်တို့က ဦးဘဖေ၏ အဆိုလွှာကို ချီးကျူးထောမနာ ဩဘာပေးကြကြောင်း ဖတ်ရှုရလေသည်။

အရေးကြီးသောစာများ၊ အကြောင်းအရာများ မကြာခဏ ကိစ္စများ ပေါ်ပေါက်တိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးပေးရသူကား သူတစ်ပါး၏ အလုပ်လျှောက်လွှာမှစ၍ နိုင်ငံတော်ကိစ္စ အင်္ဂလိပ်ပါလီမန်ထံ ခေတ်ပညာတတ်၊ ခေတ်ပညာရှိ စာဆိုတော် ဆရာကြီး ဦးရာဇတ်ပင် (နေရှင်နယ်ကန့်လန့်ကာ နောက်မှနေလျက် ရေးရရှာ၏) ဖြစ်တော့သည်။

အင်္ဂလိပ်စစ်တပ်တွေ မန္တလေးကို သိမ်းပြီးတဲ့နောက် မန္တလေးကို စစ်အုပ်ချုပ်ရေး (C.A.S. (B)) အစိုးရအုပ်ချုပ်ထားတယ်၊ စစ်အုပ်ချုပ်ရေးမှူးက ကာနယ်တစ်ယောက်ဖြစ်တယ်။ စစ်မဖြစ်ခင်က ဒီကာနယ်ကြီးဟာ အရေးပိုင် (အိုင်စီအက်စ်) တစ်ယောက်ပဲ၊ စစ်ဖြစ်လာတော့ စစ်ရာထူးယူပြီး စစ်အုပ်ချုပ်ရေး ရာထူးရ ကာနယ်ရာထူးအဆင့်နဲ့ တာဝန်ယူလာခဲ့ရသူတဲ့။

စစ်အုပ်ချုပ်ရေးအတွင်းမှာပဲ ဆရာကြီးက ခေါင်းဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ကို ဖွဲ့ထားချိန် ဖြစ်တယ်။ အိုင်စီအက်စ် တစ်ယောက်ဖြစ်ပြီး ဆက်ဆံရေးဟာ ပြေပြစ်မှုမရှိဘူး၊ ဆက်ဆံရေး ကြမ်းတမ်းတယ်ဆိုပြီး ဆရာကြီးက အထက်ကို စာရေးတင်တယ်။ ဆရာကြီးရေးတဲ့ စာထဲမှာပါတဲ့ စာကြောင်းတစ်ကြောင်းက “The Crown and the pip got the better of I.C.S." ဆိုပြီးဖော်ပြတယ်။၊ စစ်ရာထူး ပခုံးပေါ်က သရဖူနဲ့ ကြယ်ပွင့်တွေဟာ အလွန်သိမ်မွေ့တဲ့ အိုင်စီအက်စ် တစ်ယောက်ပေါ် လွှမ်းမိုးနိုင်ခဲ့တဲ့အတွက် အိုင်စီအက်စ်တစ်ယောက်ရဲ့ ဆက်ဆံရေးဟာ စစ်သားတစ်ယောက်လို ကြမ်းတမ်းခက်ထရော်တယ်လို့ ရေးသားဖော်ပြလိုက်ပါသတဲ့။

အဲဒီလို ယဉ်ယဉ်လေး တွယ်ထည့်လိုက်ပြီး မကြာခင်ဘဲ ကာနယ်ကြီးဟာ၊ မန္တလေးက ပြောင်းရွှေ့သွားရပါတယ်၊ သူပြောင်းခါနီးမှာ မြို့ပေါ်ရှိ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကို ဖိတ်ပြီး နှုတ်ဆက်ပွဲ ကျင်းပတယ်၊ အင်္ဂလိပ်ကာနယ်ကြီးက ဆရာကြီးကို ဒီပါတီပွဲမှာ ဆက်ဆက်တက်ရောက်ဖို့ ဖိတ်ပေးပါလို့ဆိုင်ရာကို အမိန့်ပေးတယ်၊ ဆရာကြီးလည်း ဖိတ်ကြားချက်အရ ပါတီပွဲသွားတက်ပါတယ်၊ ကာနယ်ကြီးက ကျေးဇူးတင်စကားပြောရင်းက ဆရာကြီးရဲ့ ရေးသားချက်ကို ဟောဒီလို ပြန်လည်ရှင်းပြသွားပါသတဲ့။

“ကျွန်ုပ်ဟာ အသွင်သဏ္ဌာန်မှာကတော့ စစ်သားတစ်ယောက်ပဲ။ ဒါပေမဲ့ အတွင်းစိတ်မှာကတော့ အိုင်စီအက်စ်တစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့တဲ့ စိတ်ထားအပြည့်ရှိပါတယ်၊ အဲဒါကြောင့် ကျုပ်အပေါ် အမြင်မှန်မှန်နဲ့ မြင်နိုင်ပါစေလို့ ပန်ကြားအပ်ပါတယ်” ဒီစကားတွေရဲ့ အဓိပ္ပာယ်ကို ဆရာကြီးနဲ့ ကာနယ်ကြီးတို့ နှစ်ဦးပဲ နားလည်ကြပါသတဲ့။

ဆရာကြီးရဲ့ ကလောင်ဟာ ဒီလောက်ထက်တယ်ဆိုတဲ့ အကြောင်းကို မန္တလေး တယ်လီဖုန်း ဆက်သွယ်ရေး အင်ဂျင်နီယာ ဦးသာဒွန်းက သူသိရှိချက် အဖြစ်မှန်အတိုင်း ကျမ်းပြုသူကို ပြောပြခဲ့ပါတယ်။ ဒါကြောင့် တစ်ဆင့် ဖောက်သည်ချလိုက်ခြင်း ဖြစ်ပါတယ်။

ဆရာကြီးဟာ အင်္ဂလိပ်စာတတ်၊ အင်္ဂလိပ်တစ်ယောက်နဲ့ တန်းတူရည်တူ အင်္ဂလိပ်စာ တတ်မြောက်တာဟာ သိပ်မဆန်းဘူးလို့ ပြောတယ်တဲ့၊ သူပြောတာက “အင်္ဂလိပ်စာတတ်ချင်ရင် အင်္ဂလိပ်စာ များများဖတ်ရမယ်” တဲ့၊ အဲဒါ အပြောအတိုင်းလည်း သူဟာ ပိုက်ဆံရှိရင် အင်္ဂလိပ်စာအုပ်ဟောင်းတွေပဲ ဝယ်ဝယ်ဖတ်သတဲ့၊ သူ့ကျောင်းမှာရှိတဲ့ စာကြည့်တိုက်က စာအုပ်တွေဆိုရင်လည်း သူမဖတ်ဖူးတာ မရှိဘူး။ ။

စာသင်ချိန် ကျောင်းလုပ်ငန်းချိန်မှလွဲရင် စာကြည့်တိုက်ရှိ စာအုပ်တွေ သူချည်းပဲ ဖတ်နေတယ်၊ စာဖတ်လောဘကြီးသူတဲ့။ (Oxford Dictionary) ကြေသူ ဖြစ်ပါသေးသတဲ့။

ကျောင်းစာကြည့်တိုက်က စာအုပ်ငှားဖတ်တဲ့ ကျောင်းသားတွေဆိုရင်လည်း တစ်ခါတစ်ခါ သူက ခေါ်တွေ့ပြီး သူတို့ စာကြည့်တိုက်ကငှားရမ်းဖတ်တဲ့ စာအုပ်ကို တကယ်ဖတ်၊ မဖတ်မေးခွန်းထုတ်မေးပြီး စစ်ဆေးလေ့ရှိတယ်။

စာအုပ်ကို အမြဲဖတ်တယ်၊ လမ်းလျှောက်ရင်လည်း စာအုပ်နဲ့ ဆေးပေါ့လိပ်ဟာ သူ့ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းပဲဖြစ်နေတယ်။ အမြဲတမ်းစာဖတ်တော့လည်း ဒီလိုစာတော်လာတာ မဆန်းဘူးလို့ ဆိုရခြင်းပါ။ ။

နွေရာသီကျောင်းပိတ်ချိန် မန္တလေးဗဟိုအမျိုးသား အထက်တန်းကျောင်းမှာ ၁၉၃၇ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဒုတိယအကြိမ်မြောက် ညီလာခံသဘင်ကြီး ကျင်းပတယ်။ ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)၊ ကိုလှရွှေ အမ်ဘီဘီအက်စ် (ဗိုလ်လက်ျာညီ)၊ စစ်ကိုင်း ကိုညွန့် (သံအမတ်ဟောင်း)၊ ဦးထွန်းအုံ (ရန်ကုန် မြူနီစပါယ်မင်းကြီးဟောင်း) ဗိုလ်ခင်မောင်ကလေး၊ ကိုသိန်းအောင် (အမ်အေဒေါ်အုံးရဲ့ မောင်) ရာရှစ်အစ ရှိတဲ့ ခေါင်းဆောင်များလည်း အစုံအညီ တက်ရောက်ကြပါတယ်၊ ဒီညီလာခံမှ အိန္ဒိယခေါင်းဆောင် နေရူးနဲ့ အင်ဒီယာဂန္ဒီတို့ သားအဖလည်း တက်ရောက်တယ်။ ညီလာခံမှာ ကိုအောင်ဆန်းက အင်္ဂလိပ်လို မိန့်ခွန်းပြောဖို့ ဖြစ်တယ်၊ သူ့မိန့်ခွန်းကို အင်္ဂလိပ်လိုရေးပြီး ဆရာကြီး ဦးရာဇတ်ကို တည်းဖြတ်ဖို့ပေးတယ်။ ဆရာကြီးက တည်းဖြတ်ပေးရင်း ဆရာဦးထွန်းမောင်ကို “ဒီကောင်နေရာ ကျမယ်၊ အင်္ဂလိပ်စာ အရေးအသားလည်း ကောင်းတယ်၊ အယူအဆလည်းကောင်းတယ်၊ ကြီးပွားဦးမှာပဲတဲ့” လို့ ကိုအောင်ဆန်းနဲ့ပတ်သက်ပြီး ပြောပြလိုက်သတဲ့။ (ဒီတုန်းက ဆရာကြီးက ကျောင်းဆရာကြီး၊ ဗိုလ်ချုပ်အောင်ဆန်းက ကောလိပ်ကျောင်းသားပဲ၊ ကျောင်းဆရာဆိုတာက တပည့်တပန်းတွေကို “ ဒီကောင် ဟိုကောင်” အဲဒီလို ခေါ်လေ့ခေါ်ထရှိလို့) ဦးထွန်းမောင်က ကျမ်းပြု သူကို ပြောပြလို့ သူ့အခေါ်အတိုင်း ရေးသားဖော်ပြချက်ကို ခွင့်လွှတ်ကြပါရန် (ကျမ်းပြုသူ)

ဒီလိုအင်္ဂလိပ်စာကို အင်္ဂလိပ်စာတတ်-အင်္ဂလိပ်တစ်ယောက်ထက်တော့ သူ့ပညာမသာတောင် တန်းတူလိုက်နေကြောင်း၊ ပြီးခဲ့တဲ့ ဆောင်းပါးများနဲ့ အဖြစ်အပျက်တွေက အကောင်းဆုံး သက်သေခံခဲ့တယ်။

ဒီအထဲ အရပ်ထဲက ရုံးကနားနဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဆရာကြီးထံ လာရောက် အကူအညီ တောင်းကြပါတယ်။ ဆရာကြီးကလည်း သူ့ပညာကို အခကြေးငွေနဲ့ တန်ရာတန်ဖိုးရမှ လုပ်မယ်လို့နှုတ်ကလည်း ရေလာမြောင်းပေးမပြော၊ ဟန်အမူအရာကလည်း မပြောဘဲ ချက်ချင်းကောက်ကာငင်ကာ လုပ်ပေးလေ့ရှိတယ်။

အစိုးရဝန်ထမ်းတွေ ပြည်သူ့ဝန်ထမ်းတွေကို ပြည်သူ့ငွေနဲ့ ပြည်သူ့ကိုယ်စား အစိုးရကဝန်ထမ်းတွေကို လခကြီးငယ်ပေးပြီး ခန့်ထားပါတယ်။ ဒါကို ဝန်ထမ်းတွေက သဘောမပေါက်ကြဘူး၊ ဟိုဖိုင်ဆွဲယူ လှန်လှော်သလိုလို၊ ဟိုဖိုင်ဒီဘက်စားပွဲထောင့်ရွှေ့၊ ဒီဘက်ဖိုင်ကို ဟိုဘက်စားပွဲ ရွှေ့လိုရွှေ့၊ ထပြီးဗီရိုဖွင့်ပြီး လှန်လှော ရှာလိုရှာနဲ့ သူတို့ကိုယ်သူတို့ အလုပ်များအောင် လုပ်ပြနေတယ်၊ ဒီအတွင်းမှာ ပြည်သူက သူ့လုပ်ငန်းအောင်မြင်ရင် ပြီးရောဆိုပြီး ငွေစကလေးများ တဲ့တိုးစကားနဲ့ လာဘ်အဖြစ် ခပ်ယဉ်ယဉ်ဆိုရင် ဆုကြေးအဖြစ် ချပေးမလားလို့ မျှော်လင့်ချက်နဲ့ အလုပ်များအောင် လုပ်နေတယ်။ ဘယ်လိုမှ လာဘ်ပေးတာ မမြင်ရင် မနက်ဖြန်၊ နောက်မနက်ဖြန်၊ ဖြစ်နိုင်ရင် ပသီပုံပြင်လို တစ်ထောင့်တစ်ညနဲ့ ရက်ရွှေ့ လိုက်ချင်မှာပဲ။

သူတို့ရဲ့ နည်းဗျူဟာကို ရိပ်မိလို့သူတို့ သည်းခြေကြိုက် ငွေစလေးများကို လာဘ်အဖြစ် ဆက်သလိုက်ရင်တော့ အပြုံးပေါင်း တစ်ထောင်မျက်နှာနဲ့ အလုပ်ကို ချက်ချင်းပဲ ဆောင်ရွက်ပေးလိုက်တတ်ကြတယ်။

ဝန်ထမ်းဆိုပေမယ့်လည်း ဝန်ထမ်းစိတ်ရှိသူကား အလွန်နည်းလှပါတယ်။ ဆရာကြီးကမူ သူ့အသက် သွေးချွေးနဲ့ ကိုယ်ခန္ဓာတစ်ခုလုံးကို ပြည်သူ့အတွက် လှူဒါန်းထားပြီးတဲ့ လူမို့လားမသိ ပြည်သူ့တာဝန်ကို အသပြာငွေ တစ်စမှ မယူဘဲ တစ်ထိုင်တည်း လုပ်ကိုင်ပေးလိုက်တာချည်းပါပဲတဲ့။

တစ်ခါတစ်ခါ မဲ့ပြုံးကလေးနဲ့ ဆရာဦးထွန်းမောင်ကို “ကိုထွန်းမောင်ရေ ကျုပ်ကတော့ လျှောက်လွှာစာရေး ဖြစ်မှန်းမသိ ဖြစ်နေပြီကော”လို့ပြောပါ သေးတယ်ဆိုပဲ။

လူမှုဝန်ထမ်းစိတ်အပြည့်နဲ့ ပြည်သူ့တာဝန် ကြီးငယ်မရွေး ဆောင်ရွက်ပေးတတ်လို့နဲ့ တူပါတယ်၊ ပြည်သူချစ်သော ဆရာကြီးအဖြစ်သို့ သူ့အားပြည်သူတွေရဲ့ နှလုံးသည်းပွတ်ထဲမှာ ကမ္ပည်းထိုးထားကြပေသကိုး။

ဤဆောင်းပါးကို အောက်ပါပုဂ္ဂိုလ်များ၏ ပြောပြချက်များမှ ကောက်နုတ်ပေါင်းစပ် ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်။ ။ (ကျမ်းပြုသူ)

 ပုဂ္ဂိုလ်များ

= ဆရာဦးထွန်းမောင်၊ ဗဟိုအမျိုးသားကျောင်းဆရာဟောင်း။

= ဦးချစ်ဆွေ၊ အပါးတော်မြဲ၊ မန္တလေး။

= ဦးဘကြူး၊ ဆရာကြီး ဦးရာဇတ်ရဲ့ ညီ၊ မန္တလေး။

= ဆရာဗိုလ်ခင်မောင်ကလေး၊ ဖဆပလဝန်ကြီးဟောင်း၊ ရန်ကုန်။

= ဒေါက်တာခင်မောင်ညွန့် (အမ်အေ၊ ပီအိပ်ခ်ျဒီ) သမိုင်းဌာနမှူး (သမိုင်းဌာန) ပညာရေးတက္ကသိုလ်၊ ရန်ကုန်။

= ဦးသာဒွန်း တယ်လီဖုန်းဆက်သွယ်ရေး အင်ဂျင်နီယာ၊ မန္တလေး။