နေပြည်တော် စက်တင်ဘာ ၂၈
လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများ တရားမဝင် တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ တားဆီးကာကွယ်နှိမ်နင်းရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံအတွင်းရှိ သဘာဝအဖိုးတန် သယံဇာတများကို ခိုးယူတူးဖော်၍ တရားမဝင် ခိုးထုတ်ရောင်းချခြင်း၊ ၎င်းမှရရှိသည့် ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်းများ ဝယ်ယူစုဆောင်းကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ကျူးလွန်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့မှုအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်း ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၈ ရက်တွင် ရေနံချပ်ကျေးရွာအနီး တရားမဝင် ရေနံတူးဖော်ခြင်းများ လုပ်ဆောင်နေသည့် လက်လုပ်ရေနံတွင်း နေရာ ၃၉ နေရာ၊ စက်တင်ဘာ ၁၉ ရက်တွင် ၃၅ နေရာ၊ စက်တင်ဘာ ၂၀ ရက်တွင် ၄၄ နေရာ၊ စက်တင်ဘာ ၂၁ ရက်တွင် ၁၇၆ နေရာ၊ စက်တင်ဘာ ၂၂ ရက်တွင် ၁၈၄ နေရာ၊ စက်တင်ဘာ ၂၃ ရက်တွင် ၁၃၈ နေရာ၊ စက်တင်ဘာ ၂၄ ရက်တွင် ၆၈ နေရာ၊ စက်တင်ဘာ ၂၅ ရက်တွင် ၂၅ နေရာ၊ စက်တင်ဘာ ၂၆ ရက် တွင် ၁၈ နေရာနှင့် စက်တင်ဘာ ၂၇ ရက်တွင် ၈ နေရာ စုစုပေါင်း ၇၃၅ နေရာတို့အား ရှာဖွေဖော်ထုတ်တွေ့ရှိပြီး ရေနံချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံး ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ နေထိုင်ခဲ့သည့် ယာယီတဲ အဆောက်အအုံ ၅၀၉ လုံးတို့ကို လည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိ တရားမဝင် ရေနံတူးဖော်ခြင်းများ လုပ်ဆောင်နေသည့် ရေနံတွင်း နေရာများနှင့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းဒေသတစ်ဝိုက်တွင်လည်း တရားမဝင်ရေနံ တူးဖော်ခြင်းများ ဆောင်ရွက်မှု မရှိစေရေး လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ရပ်ရွာလူထုကို အနိုင်ကျင့်ဗိုလ်ကျပြီး တရားမဝင် ရေနံတွင်းများကို ကိုယ်တိုင်တူးဖော်ခြင်း၊ ဒေသန္တရလုပ်ကိုင်သူများထံမှ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်၍ ရရှိသည့် ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်းဝယ်ယူကာ အင်အားတည်ဆောက်ပြီး အဖျက်အမှောင့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ သတင်းပေးပို့မှုအရ နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။




