ပခုက္ကူ ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဖလား မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ခရိုင်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ပခုက္ကူမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်အေးက မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အဆိုပါပြိုင်ပွဲကို ဩဂုတ် ၉ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဘောလုံးအားကစားပြိုင်ပွဲဝင်အသင်း ၁၆ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲမှတစ်ဆင့် မြို့နယ်ကိုယ်စားပြုအားကစားကောင်းများ ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


