ပခုက္ကူမြို့၌ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်တွင် ဆီမီးထွန်းပူဇော်သူများဖြင့်စည်ကား

ပခုက္ကူ အောက်တိုဘာ ၂၈

 

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် သီတင်းကျွတ် လပြည့်ကျော် ၁ ရက် ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ဆီမီးထွန်းပူဇော်သူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။

 

ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာ မြို့တစ်မြို့ ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင် မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌော စေတီတော်မြတ်ကြီးများ တည်ရှိသောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်တွင် ဘုရား၊ စေတီတော်ရင်ပြင်များတစ်လျှောက် ဆီမီးထွန်းပူဇော်သူများ၊ အဘိဓမ္မာဒေသနာတော် ရွတ်ဖတ်ပူဇော်သူများ၊ ဗုဒ္ဓရုပ်ပွားတော်များရေသပ္ပာယ်ခြင်း၊ ရွှေသင်္ကန်း ကပ်လှူခြင်း၊ ဘုရားပန်းများ လဲလှယ်ခြင်း၊ သစ်သီးဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ငါးအစာ​ကျွေးခြင်း၊ ဘုရားဝင်းအတွင်း ရောင်းချသည့် မုန့်ပဲသရေစာများ ဝယ်ယူစားသောက် အပန်းဖြေခြင်း၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်များရှိ ဆရာတော် သံဃာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်သီလတရားနာယူခြင်းတို့ဖြင့် ဆက်လက်စည်ကားလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)