ပါကစ္စတန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား လုံခြုံရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံး

၁၉ မေ

 

ပါကစ္စတန်နိုင်ငံ ဘလိုချီစတန်ပြည်နယ် အနောက်တောင်ပိုင်းတွင် အကြမ်းဖက်သမားများနှင့်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး  လမ်းဘေးဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က အင်္ဂါနေ့က ပြောကြားခဲ့သည်။

 

ယမန်နေ့ညက နယ်ခြားစောင့်တပ်မှ ယာဉ်တစ်စီးသည် ဘလိုချီစတန်ဒေသတွင် ကင်းလှည့်စစ်ဆေးရေးတာဝန်များအပြီး အခြေစိုက်စခန်းသို့ ပြန်လာစဉ် ၎င်းယာဉ်ကို ဗုံးဖြင့်တိုက်ခိုက်ခံရသည်ဟု စစ်တပ်ကြေညာချက်က ဆိုသည်။

 

ထိုဗုံးပေါက်ကွဲမှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်ခြောက်ဦး သေဆုံးကြောင်း စစ်တပ် သတင်းမီဒီယာက ဖော်ပြထားသည်။

 

အခြားဖြစ်ရပ်တစ်ခုတွင် ဘလိုချီစတန်ဒေသ ရှိ Kech အနီးတွင် အကြမ်းဖက်သမားများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု ယင်းဖော်ပြချက်အရ သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်နှစ်ခုနှင့်ပတ်သက်ပြီး မည်သည့်အုပ်စုကမျှ ဝန်ခံပြောကြားခြင်းမရှိပေ။

 

ယခုလအစောပိုင်းကလည်း အီရန်နယ်စပ် ဘလိုချီစတန်ဒေသတွင် လမ်းဘေးဗုံးဖြင့် တိုက်ခိုက်ခံရသဖြင့် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို