ပါကစ္စတန်တွင် အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် သုံးဦး သေဆုံး

၁၅ ဇူလိုင်

 

 

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ်တွင် အကြမ်းဖက်သမားများက လုံခြုံရေး တပ်ဖွဲ့များကိုတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ယမန်နေ့ညက ပြောကြားခဲ့သည်။

 

 

ဘလူချီစတန်ပြည်နယ် ပန်ဂျာဒေသတွင် ပုံမှန်ကင်းလှည့်နေသော လုံခြုံရေး တပ်ဖွဲ့များကို အကြမ်းဖက်သမားများက ပစ်ခတ်ခဲ့သည်ဟု စစ်တပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

အဆိုပါ ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ပြီး စစ်ဘက်အရာရှိတစ်ဦး အပါအဝင် ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

 

 

ဒဏ်ရာရရှိသူများအနက် ငါးဦးမှာ အခြေအနေ စိုးရိမ်ရသဖြင့် ဘလူချီစတန်ပြည်နယ် မြို့တော် ကီတာ စစ်ဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း စစ်တပ်မီဒီယာက သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

 

မေလက ဘလူချီစတန်ပြည်နယ်ရှိ ဒေသများတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများနှင့် အပြန်အလှန် ပစ်ခတ်မှုများကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၃ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု စစ်တပ်က ဖော်ပြချက်အရ သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို