ဖယ်ခုံအင်းအတွင်း အပျော်စီးရေယာဉ်များ စတင်ပြေးဆွဲလျက်ရှိ

ဖယ်ခုံ ၂၅ ဇန်နဝါရီ


ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ဖယ်ခုံအင်းအတွင်း အပျော်စီးရေယာဉ်များ စမ်းသပ်ကာလအဖြစ် စတင်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။


အင်းရေပြင်အတွင်း Lake Pekhon Houseboats မှ အပျော်စီးရေယာဉ်များကို MV LPH Lity အမည်ဖြင့် အိပ်ခန်း သုံးခန်းပါ ခရီးသည် ခြောက်ဦးစီး ရေယာဉ်နှင့် MV LPH Cherry အမည်ဖြင့် အိပ်ခန်းခြောက်ခန်းပါ ခရီးသည် ၁၅ ဦးစီး ရေယာဉ်နှစ်စင်းဖြင့် စတင်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။


“ဒီအင်းရေပြင်ပတ်လည်နဲ့ ရေလယ်ကျွန်းတွေမှာ နေထိုင်ကြတဲ့ ရှမ်း၊ ပအိုဝ်း၊ ကယန်း၊ အင်းသား စတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လူနေမှုဘ၀တွေ၊ ဘာသာ သာသနာ ယုံကြည်မှုပုံရိပ်အမျိုးမျိုးတွေ၊ ပင်လယ်လို ကျယ်ပြန့်တဲ့ ရေပြင်ကျယ်နဲ့ရှုခင်းတွေ၊ ဖယ်ခုံမြို့ရှုခင်းနဲ့ အနောက်ဘက်က ပေခြောက်ထောင်ကျော်မြင့်တဲ့ တောင်တန်းတွေနဲ့ အင်းရေပြင်ရဲ့အလှကို ခံစားနိုင်မှာပါ” ဟု ရေယာဉ်တည်ဆောက်သူ ကိုအောင်ရဲကျော်က ပြောသည်။


အပျော်စီးရေယာဉ်များကို White Swan Boating Co,Ltd မှဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ခြောက်ဦးစီး ရေယာဉ် MV LPH Lity သည် အလျားပေ ၄၀ နှင့် အနံ ၁၅ ပေရှိ၍ ၁၅ ဦးစီးရေယာဉ် MV LPH Cherry သည် အလျားပေ ၄၀ နှင့် အနံ ၂၂ ပေရှိကြောင်း သိရသည်။


အဆိုပါရေယာဉ်များကို ဇန်နဝါရီလအတွင်း စမ်းသပ် ကာလအထူးအစီအစဉ်အဖြစ် ဒေသခံများအား တစ်ဦးလျှင် ငွေကျပ် ငါးထောင်နှုန်းဖြင့် MV LPH Cherry ရေယာဉ်တွင် ၂၅ ဦးစီးနိုင်ပြီး MV LPH Lity ရေယာဉ်တွင် ၁၂ ဦးစီးနိုင် ကြောင်း သိရသည်။ ပျမ်းမျှမောင်းနှင်ချိန် နှစ်နာရီနှင့် ကျွန်းပေါ်လည်ပတ်ချိန် တစ်နာရီ စုစုပေါင်း သုံးနာရီကြာမည် ဖြစ်ကြောင်း သိရသည်။


စမ်းသပ်ပြီးကာလနောက်ပိုင်းတွင် ညအိပ်ခရီးစဉ်များ နှင့် နေ့ချင်းပြန်ခရီးစဉ်များကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ စင်းလုံးငှားခရီးစဉ်များကိုလည်း ပြေးဆွဲသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ Lake Cruise ခရီးစဉ်များကို Lake Pekhon Houseboats က ပထမဆုံး ဖန်တီး ဖော်ဆောင် ပြေးဆွဲခြင်းဖြစ်ကြောင်း ကိုအောင်ရဲကျော်က ဆက်လက်ပြောသည်။

 

ကိုထွေး(ဖယ်ခုံ)