ဖြူးချောင်းရေလှောင်တမံမှ နွေစပါး ၁၇၃၈၉ ဧကအပြင် တိုးချဲ့စိုက်ပျိုးမည့် နွေစပါး ဧက ၈၀၀ အတွက် စိုက်ပျိုးရေ ပို့လွှတ်ပေးသွားမည်

ပဲခူး စက်တင်ဘာ ၂

 

ပဲခူးတိုင်းဒေသကြီး ဖြူးချောင်းရေလှောင်တမံမှ လာမည့်နွေစပါး စိုက်ပျိုးရာသီတွင် နွေစပါး ၁၇၃၈၉ ဧက အပြင် တိုးချဲ့စိုက်ပျိုးမည့် နွေစပါး ဧက ၈၀၀ အတွက်လည်း စိုက်ပျိုးရေ ပို့လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“တမံရေပြည့်ဖို့ ၁၅ ပေကျော် လိုပါသေးတယ်။ ရေအားလျှပ်စစ် နေ့စဉ်ထုတ်ပေးတဲ့အပြင် နွေစပါးစိုက်ပျိုးရေကိုလည်း ဒီတမံကပဲ ပို့လွှတ်နေတာပါ။ လာမယ့် နွေစပါးရာသီမှာ ပုံမှန်စိုက်ပျိုးဧကထက် ဧက ၈၀၀ တိုးချဲ့စိုက်ပျိုးမယ်လို့သိရတဲ့အတွက် တိုးချဲ့ဧကတွေအတွက်‌ ရေပို့လွှတ်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။

 

တိုင်းဒေသကြီးအတွင်းမှာ တစ်နှစ်ထက်တစ်နှစ် နွေစပါး တိုးချဲ့စိုက်ပျိုးမှုနဲ့ တိုးချဲ့စိုက်ဧကတွေအတွက် စိုက်ပျိုး‌ရေပို့လွှတ်နိုင်မှုဟာ တောင်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမှာ အမှန်ပါ”ဟု ဖြူးချောင်းရေလှောင်တမံ စီမံကိန်း ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတလန်ဂျာက ပြောသည်။

 

ဖြူးချောင်းရေလှောင်တမံမှ နွေစပါးစိုက်ခင်းများသို့ ဇန်နဝါရီလ မှစတင်ကာ မေလအထိ စိုက်ပျိုးရေများကို ပို့လွှတ်သွားမည်ဖြစ်ပြီး နွေစပါးရာသီတွင် ဆင်းသုခ၊ ရက် ၉၀၊ နှံကောက်၊ ရတနာတိုး၊ ဗီယက်နမ်၊ ‌ရေဆင်းပေါ်ဆန်း(၁)နှင့် အောင်နိုင်တိုးစပါးတို့ကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဖြူးချောင်းရေလှောင်တမံသည် အလယ်ရိုးမမှ စီးဆင်းလာသော ရေများကို သိုလှောင်ထိန်းညှိပေးထားပြီး တမံအတွင်းသို့ ပျမ်းမျှ ဧကပေ ၆၆၈၀၀၀ ရေစီးဝင်၍ ဧကပေ ၆၃၂၅၃၀ ရေသိုလှောင်နိုင်သော ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်ကာ ဖြူးမြို့နယ်နှင့် အုတ်တွင်း မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူ‌‌‌ရေးကဏ္ဍကို အထောက်အပံ့ ပြုနေသည့် ရေလှောင်တမံတစ်ခုဖြစ်သည်။

 

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ - ဖြူးချောင်း‌‌ရေလှောင်တမံ