ဖူဂျီမီးတောင်ပေါက်ကွဲပါက သုံးနာရီအတွင်း တိုကျိုမြို့၏လုပ်ငန်းများ ရပ်တန့်သွားမည်

တိုကျို ၂ ဧပြီ

 

တိုကျိုတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခတစ်ဦးက အကယ်၍ ဖူဂျီမီးတောင် အကြီးအကျယ် ပေါက်ကွဲခဲ့ပါက တိုကျိုမြို့သည် သုံးနာရီအတွင်း လုပ်ငန်းဆောင်တာများ ကောင်းမွန်စွာ လည်ပတ်နိုင်တော့မည်မဟုတ်ကြောင်း ပြောကြား လိုက်သည်။

 

ဖူဂျီမီးတောင်သည် ၁၇၀၇ ခုနှစ် ဒီဇင်ဘာလက အကြီးအကျယ်ပေါက်ကွဲခဲ့ရာ ပြာမှုန်များ ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ မှုတ်ထုတ်ခဲ့သည်။ မြို့တော်အက်ဒို၌များ ထူထပ်စွာဖုံးလွှမ်းသွားခဲ့သည်။ မြို့တော်အက်ဒို သည် ယခုအခါတွင် တိုကျိုမြို့ ဖြစ်လာခဲ့သည်။

 

ယနေ့အချိန်အခါ၌ ထိုကဲ့သို့ ထပ်မံပေါက်ကွဲပါက တိုကျိုတစ်မြို့လုံး မီးတောင်ပြာမှုန်များ ဖုံးလွှမ်း သွားမည်ဖြစ်ကြောင်း ဂုဏ်ထူးဆောင်ပါမောက္ခက ပြောသည်။

 

ဖူဂျီမီးတောင်ပေါက်ကွဲပြီး သုံးနာရီကြာလျှင် ပြာမှုန်များသည် တိုကျိုမြို့လယ်အထိ ရောက်ရှိနိုင်ရုံတင်မကဘဲ အနီးဝန်းကျင် ကာနာဂါဝါ၊ ဂျီဘာနှင့် ဆိုင်တာမာစီရင်စု များအထိ ဖုံးလွှမ်းသွားနိုင်ကြောင်း သိရသည်။

 

ပြာမှုန်အနည်းငယ်သည် ရထားလိုင်းစနစ်များကို ကမောက်ကမ ဖြစ်စေနိုင်သည့်အတွက် ရထားလိုင်းများ အားလုံးလည်း ရပ်နားရလိမ့်မည်ဖြစ်သည်။

ထို့အပြင် မြင်ကွင်းမကောင်းခြင်းက အလိုအလျောက် စနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး လူများ၏ဆောင်ရွက် ချက်များကိုလည်း ကန့်သတ်မှုဖြစ်စေကာ နေ့စဉ်ခရီးသွား လာခြင်းကို ဟန့်တားနှောင့်ယှက်နိုင်ကြောင်း သိရသည်။ ရေနှင့် အစားအစာပြတ်လပ်မှုများကို ဖြစ်စေနိုင်ကြောင်း လည်း ခန့်မှန်းတွက်ချက်ထားသည်။

 

အကယ်၍ မိုးရွာခဲ့လျှင် မီးတောင်ပြာမှုန်များသည် စေးကပ်သွားပြီးနောက် ဓာတ်အားပေးစနစ်ကို အနှောင့် အယှက်ဖြစ်စေနိုင်ပြီး တိုကျိုမြို့တွင် မီးများလည်း ပြတ်တောက်နိုင်ကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ရေပေးဝေမှု စနစ်များလည်း အသုံးမဝင်ဖြစ်စေနိုင်ကြောင်း သိရသည်။ မီးတောင်ပေါက်ကွဲမှုနှင့် ပေါက်ကွဲမှု၏နောက်ဆက်တွဲ ပြဿနာများကို ခန့်မှန်းရခက်နိုင်ကြောင်း တိုကျို တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခ ဖူဂျီတိုရှီဆူဂါက ဆက်လက် ပြောကြားလိုက်သည်။

 

အင်န်အိတ်ကေ