ဉာဏ်သစ်(မန်းတက္ကသိုလ်)
ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းသည် လူငယ်များ၏ နေ့စဉ်ဘဝတွင် အရေးပါသော နည်းပညာကိရိယာတစ်ခု ဖြစ်လာသည်။ ဖုန်းဖြင့်ဆက်သွယ်နိုင်သည်၊ သတင်းအချက်အလက် ရှာဖွေနိုင်သည်၊ အွန်လိုင်း သင်ခန်းစာများ လေ့လာနိုင်သည်၊ ဘာသာစကားများ သင်ယူနိုင်သည်။ သို့သော် အသုံးဝင်သောကိရိယာတစ်ခုသည် မိမိ၏အချိန်၊ အာရုံစူးစိုက်မှုနှင့်အပြုအမူကို ပြန်လည်ထိန်းချုပ်လာသည့်အခါ သတိထားရန် လိုအပ်လာသည်။
ထိုအခြေအနေများနှင့်ဆက်စပ်၍ “Nomophobia = No + Mobile Phone + Phobia” ဟူသောဝေါဟာရကို ယနေ့ပိုမိုကြားလာရသည်။ Nomophobia သည် မိုဘိုင်းဖုန်းမရှိခြင်း၊ ဖုန်းအသုံးမပြုနိုင်ခြင်း သို့မဟုတ် ဖုန်းနှင့်ဆက်သွယ်မှု မရခြင်းတို့ကြောင့် စိုးရိမ်ပူပန်မှု များဖြစ်ပေါ်လာသည့် အခြေအနေကိုရည်ညွှန်းသည့် ဝေါဟာရ ဖြစ်သည်။ သို့သော် Nomophobia ကို တရားဝင်စိတ်ရောဂါတစ်မျိုးအဖြစ် သတ်မှတ်ထားသည်ဟု မဆိုနိုင်သေးဘဲ ဖုန်းအသုံးပြုမှုပုံစံနှင့် စိုးရိမ်ပူပန်မှုတို့ကို ဆက်စပ်လေ့လာရာတွင် အသုံးပြုသော အယူအဆ တစ်ရပ်အဖြစ် နားလည်သင့်သည်။
အရေးကြီးသည့်အချက်မှာ ဖုန်းအသုံးပြုခြင်းသည် ပြဿနာမဟုတ်ဘဲ ဖုန်းကို မထိန်းချုပ်နိုင်တော့သည့် အခြေအနေကသာ ပြဿနာဖြစ်လာနိုင်ခြင်းဖြစ်သည်။
ဖုန်းက ကျွန်ုပ်တို့ကို အသုံးပြုနေပြီလား
ဆယ်ကျော်သက်များအတွက် မိုဘိုင်းဖုန်းသည် ဆက်သွယ်ရေး ကိရိယာတစ်ခုထက် ပိုမိုကျယ်ပြန့်လာသည်။ လူမှုကွန်ရက်များ၊ ဗီဒီယိုအတိုများ၊ အွန်လိုင်းဂိမ်းများ၊ စာတိုပေးပို့သည့် အက်ပ်များနှင့် အွန်လိုင်းမှဗီဒီယို၊ ရုပ်သံအကြောင်းအရာများကို ကြည့်ရှုခြင်းတို့သည် တစ်နေ့တာအချိန်၏ အများအပြားကို အသုံးပြုသွားစေနိုင်သည်။
ဖုန်းကို မကြာခဏစစ်ခြင်း၊ Notification မရလျှင်ပင် စိုးရိမ်ခြင်း၊ ဖုန်းဘက်ထရီကုန်တော့မည်ကို အလွန်အမင်းစိတ်ပူခြင်း၊ အိပ်ရာဝင်ချိန်တွင်ပင် ဖုန်းကို လက်မလွှတ်နိုင်ခြင်း၊ မိသားစုနှင့် စကားပြောနေစဉ် ဖုန်းကိုသာ အာရုံစိုက်ခြင်းတို့သည် မိမိ၏ Digital Habits ကို ပြန်လည် သုံးသပ်သင့်သည့်အချက်များဖြစ်သည်။
အထူးသဖြင့် ကမ္ဘာတစ်ဝန်း ပညာရေးစနစ်များကလည်း ကျောင်းသားများ၏ ဖုန်းအသုံးပြုမှုကို ပိုမိုအလေးထားလာကြသည်။ UNESCO ၏ ၂၀၂၆ ခုနှစ် မတ်လလေ့လာချက်အရ ကမ္ဘာတစ်ဝန်း ပညာရေးစနစ် ၁၁၄ ခု၊ ခန့်မှန်းအားဖြင့် ၅၈ ရာခိုင်နှုန်းတွင် ကျောင်းများအတွင်း မိုဘိုင်းဖုန်းအသုံးပြုမှုကို တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းဆိုင်ရာမူဝါဒများ ရှိလာပြီဖြစ်သည်။
အဓိကရည်ရွယ်ချက်များမှာ စာသင်ခန်းအတွင်း အာရုံစူးစိုက်မှု မလျော့နည်းစေရန်၊ အွန်လိုင်းမှတစ်ဆင့် အနိုင်ကျင့်နှောင့်ယှက်မှုများကိုကာကွယ်ရန်နှင့် လူငယ်များ၏ ဒီဂျစ်တယ် နည်းပညာအသုံးပြုမှုနှင့် သက်ဆိုင်သော ကျန်းမာပျော်ရွှင်မှုကို ထိန်းသိမ်းပေးရန်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံများ၏ သင်ခန်းစာ — “ပိတ်ပင်ခြင်း” တစ်ခုတည်း မဟုတ်
နိုင်ငံတကာတွင် မိုဘိုင်းဖုန်းနှင့်ပတ်သက်သော စည်းမျဉ်းများမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူညီကြပါ။ သို့သော် အများစုတွင် သင်ကြားရေးအတွက် လိုအပ်သည့်အခါ ခွင့်ပြုခြင်း၊ သင်ကြားရေးကို အနှောင့် အယှက်ဖြစ်စေသည့် အသုံးပြုမှုကို ကန့်သတ်ခြင်း၊ မိဘနှင့်ကျောင်း ပူးပေါင်းဆောင်ရွက်ခြင်း ဟူသော အခြေခံသဘောတရားများကို တွေ့ရသည်။
တရုတ်နိုင်ငံ — ကျောင်းဝင်းအတွင်း သတ်မှတ်စည်းမျဉ်းဖြင့် ထိန်းချုပ်ခြင်း
တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်ကတည်းက မူလတန်းနှင့် အလယ်တန်းကျောင်းသားများ၏ မိုဘိုင်းဖုန်းအသုံးပြုမှုကို ပိုမိုတင်းကျပ်စွာစီမံရန် ညွှန်ကြားထားသည်။ မူအရ ကျောင်းသားများကို ကိုယ်ပိုင်ဖုန်းဖြင့် ကျောင်းသို့လာရောက်ခြင်းကို ကန့်သတ်ထားပြီး အမှန်တကယ်လိုအပ်ပါက မိဘသဘောတူညီချက်နှင့် စာဖြင့်တင်ပြမှုလိုအပ်ကာ ကျောင်းရောက်လျှင် ဖုန်းကို စီမံထိန်းသိမ်းထားရန် သတ်မှတ်ထားသည်။ (China Ministry of Education)
ဤပုံစံ၏ အရေးကြီးသော သင်ခန်းစာမှာ “ဖုန်းကို လုံးဝမုန်းတီးရန်” မဟုတ်ဘဲ “ကျောင်းပညာရေးအချိန်နှင့် နည်းပညာအသုံးပြုချိန်ကို ခွဲခြားစီမံရန်” ဖြစ်သည်။
ဂျပန်နိုင်ငံ — စည်းကမ်းနှင့် ဒီဂျစ်တယ်စာပေကျွမ်းကျင်မှုကို တွဲဖက်ခြင်း
ဂျပန်နိုင်ငံတွင် မူလတန်းနှင့် အလယ်တန်းအဆင့်များ၌ မိုဘိုင်းဖုန်းများကို ကျောင်းသို့ ယူဆောင်လာခြင်းကို အခြေခံအားဖြင့် ကန့်သတ်ရန် မူဝါဒများချမှတ်ထားပြီး ဒေသနှင့်ကျောင်းအခြေအနေအလိုက် စီမံခန့်ခွဲရန် အလေးထားသည်။ တစ်ချိန်တည်းမှာပင် ဂျပန် ပညာရေးဝန်ကြီးဌာနက “သတင်းအချက်အလက်နှင့် နည်းပညာကို တာဝန်ယူမှု၊ ကျင့်ဝတ်နှင့်အညီ အသုံးပြုတတ်စေရန် ပညာပေးခြင်း” ကို အလေးထားပြီး ကလေးများအနေဖြင့် ဖုန်းနှင့်အင်တာနက်ကို မှန်ကန်စွာ အသုံးပြုတတ်ရန် သင်ကြားပေးထားသည်။ (MEXT)
ဤပုံစံမှာ မြန်မာနိုင်ငံအတွက် အထူးစိတ်ဝင်စားဖွယ်ကောင်းသည်။ အကြောင်းမှာ စည်းကမ်း + အသိပညာ + မိဘပူးပေါင်းမှု ကို တစ်ပြိုင်နက်တည်း အလေးထားသောကြောင့် ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ — စာသင်ခန်းအတွင်း အာရုံစူးစိုက်မှုကို ဦးစားပေးခြင်း
တောင်ကိုရီးယားတွင်လည်း ကျောင်းသားများ၏ စမတ်ကိရိယာ အသုံးပြုမှုကို ပညာရေးအခွင့်အရေးနှင့် ဆရာများ၏ သင်ကြားရေးလုပ်ငန်းကို ကာကွယ်သည့်ရည်ရွယ်ချက်ဖြင့် ပိုမိုစနစ်တကျ ထိန်းချုပ်လာသည်။ ၂၀၂၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေပြင်ဆင်ချက်အရ ၂၀၂၆ ခုနှစ် မတ်လမှစ၍ စာသင်ချိန်အတွင်း ကျောင်းသားများ၏ စမတ်ကိရိယာအသုံးပြုမှုကို အခြေခံအားဖြင့် တားမြစ်ထားပြီး အထူးပညာရေး လိုအပ်ချက်၊ ပညာရေးရည်ရွယ်ချက် သို့မဟုတ် အရေးပေါ် အခြေအနေများတွင် ခွင့်ပြုနိုင်သည့် ခြွင်းချက်များ ထည့်သွင်းထားသည်။ ထို့အပြင် မှန်ကန်သော စမတ်ကိရိယာအသုံးပြုမှုဆိုင်ရာ ပညာပေးခြင်းကိုလည်း အလေးထားသည်။
ဤအချက်သည်“တားမြစ်ခြင်း”နှင့်“ပညာပေးခြင်း”ကို အတူတကွ လုပ်ဆောင်နိုင်ကြောင်း ပြသသည်။
ပြင်သစ်နိုင်ငံ — “ဒီဂျစ်တယ်နည်းပညာမှ ခေတ္တအနားယူပြီး ကျောင်းဘဝကို ဟန်ချက်ညီစေခြင်း”
ပြင်သစ်နိုင်ငံသည် မိုဘိုင်းဖုန်းအသုံးပြုမှုကို ကျောင်းများတွင် ကန့်သတ်ထားသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ၂၀၂၅ ခုနှစ်မှစ၍ အလယ်တန်းကျောင်းများတွင် “မိုဘိုင်းဖုန်းကို ခေတ္တအနားပေးခြင်း” “Portable & pause” ဟုခေါ်သည့် ဖုန်းကို ခေတ္တဖယ်ထားသည့် စနစ်ကိုတိုးချဲ့ခဲ့သည်။ ထို့အပြင် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်မှစ၍ အထက်တန်းကျောင်းများအထိ ဖုန်းနှင့်ချိတ်ဆက် ကိရိယာအသုံးပြုမှု ကို ပိုမိုကန့်သတ်သည့်မူဝါဒများထည့်သွင်းလာသည်။ သို့သော် ပညာရေးအတွက် လိုအပ်သောအသုံးပြုမှုများနှင့် အရေးပေါ်အခြေအနေများအတွက် ခြွင်းချက်များရှိနေသည်။ (Éduscol)
ပြင်သစ်၏ သင်ခန်းစာမှာ "ဒီဂျစ်တယ်အနားယူချိန်" သည် နည်းပညာကို ငြင်းပယ်ခြင်းမဟုတ်ဘဲ နည်းပညာအသုံးပြုမှုနှင့် လူမှုဘဝအကြား ဟန်ချက်ညီစေရန် ကြိုးပမ်းခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ — ကျောင်းစည်းမျဉ်းနှင့် စာမေးပွဲစည်းကမ်းကို ခိုင်မာစွာထားရှိခြင်း
အိန္ဒိယနိုင်ငံတွင်လည်း ကျောင်းများနှင့် စာမေးပွဲများ၌ မိုဘိုင်း ဖုန်းအသုံးပြုမှုကို ကန့်သတ်ထားသည့် မူဝါဒများရှိသည်။ အိန္ဒိယနိုင်ငံ ၏ အလယ်တန်းပညာရေး ဗဟိုဘုတ်အဖွဲ့၏ စည်းမျဉ်းများအရ ခွင့်ပြု ချက်မရှိဘဲ အီလက်ထရွန်နစ် ဆက်သွယ်ရေးကိရိယာများကို ကျောင်းနှင့် ကျောင်းကားအတွင်း ယူဆောင်အသုံးပြုခြင်းကို ကန့်သတ်ထားသည်။ ထို့အပြင် စာမေးပွဲဖြေဆိုချိန်တွင် မိုဘိုင်းဖုန်းကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုရန် ကြိုးပမ်းခြင်းကို ပြင်းထန်သော စည်းကမ်းဖောက်ဖျက်မှုအဖြစ် သတ်မှတ်ထားသည်။(CBSE)
ထိုင်းနိုင်ငံ — “တားမြစ်ခြင်း” ထက် “မျှတစွာအသုံးချခြင်း” ကို အလေးထားခြင်း
ထိုင်းနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုမှုကို ကျောင်းတစ်ကျောင်းချင်း စီ၏အခြေအနေနှင့် လိုအပ်ချက်များအရ သင့်လျော်စွာစီမံခန့်ခွဲရန် အလေးထားဆောင်ရွက်လျက်ရှိသည်။ တစ်ချိန်တည်းတွင် ကလေးများ၏ အခွင့်အရေးနှင့် ပညာရေးဆိုင်ရာ လိုအပ်ချက်များကို ထည့်သွင်း စဉ်းစား၍ ဒီဂျစ်တယ်ကိရိယာများကို ပညာရေးအတွက် အသုံးပြုခြင်းနှင့် အပန်းဖြေရန် အသုံးပြုခြင်းတို့ကို ခွဲခြားစီမံရန် အာရုံစိုက်ထားသည်။
ထို့အပြင် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနက ကလေးများ၏ ဒီဂျစ်တယ်နည်းပညာ အသုံးပြုမှုဆိုင်ရာ ကျန်းမာမျှတမှု၊ ဒီဂျစ်တယ် ကျွမ်းကျင်မှုနှင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အခြေခံအသိပညာ တိုးတက်လာစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။ ကျောင်းများတွင်လည်း မိုဘိုင်းဖုန်းနှင့် အခြားဒီဂျစ်တယ်ကိရိယာများကို မည်သည့်အချိန်တွင်၊ မည်သည့်ရည်ရွယ်ချက်ဖြင့် မည်သို့အသုံးပြု ရမည်ဆိုသည့် ရှင်းလင်းသောလမ်းညွှန်ချက်များထားရှိရန် အရေးကြီးကြောင်း အလေးပေးထားသည်။ (Ministry of Education Thailand)
မြန်မာနိုင်ငံအတွက် ဘယ်လို Model က အကောင်းဆုံးဖြစ်နိုင်သလဲ
နိုင်ငံတစ်နိုင်ငံ၏ မူဝါဒကို အခြားနိုင်ငံမှ တိုက်ရိုက်ကူးယူခြင်းသည် အမြဲတမ်းသင့်လျော်မည်မဟုတ်ပါ။ မြန်မာနိုင်ငံ၏ ကျောင်းအရွယ်အစား၊ ကျောင်းသားအရေအတွက်၊ မိဘများ၏ ဒီဂျစ်တယ်စာပေ တတ်ကျွမ်းမှု၊ ၊ အင်တာနက်ရရှိနိုင်မှုနှင့် ပညာရေးအခြေအနေများကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွက် “ထက်မြက်သော ကျောင်းသား များအတွက် စနစ်တကျ မိုဘိုင်းဖုန်းအသုံးပြုမှုပုံစံ” ဟု ခေါ်ဆိုနိုင်သည့် ပေါင်းစပ်မော်ဒယ်တစ်ရပ်ကို ဖော်ဆောင်စဉ်းစားနိုင်ပါသည်။
ပထမ — စာသင်ခန်းအတွင်း ဖုန်းမသုံးဘဲ အာရုံစူးစိုက်သင်ယူခြင်း
စာသင်ချိန်အတွင်း မိုဘိုင်းဖုန်းကို အသံပိတ်ထားခြင်း သို့မဟုတ် သတ်မှတ်ထားသည့်နေရာတွင် စနစ်တကျ သိမ်းဆည်းထားခြင်းကို ကျောင်းစည်းကမ်းတစ်ရပ်အဖြစ် သတ်မှတ်နိုင်သည်။
ဒုတိယ — သင်ယူရေးအတွက် ရည်ရွယ်ချက်ရှိရှိ အသုံးပြုခြင်း
ဆရာက ပညာရေးနှင့် သင်ယူရေးဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ခွင့်ပြုသည့် အချိန်တွင်သာ မိုဘိုင်းဖုန်းကို သင်ယူရေးအထောက်အကူပြု ကိရိယာအဖြစ် အသုံးပြုစေသင့်သည်။
တတိယ — အိမ်တွင်းရေး၊ မိသားစုနှင့်အတူ ဒီဂျစ်တယ်အသုံးပြုမှု စည်းကမ်းသတ်မှတ်ခြင်း
မိဘနှင့် သားသမီးများအကြား စာသင်ချိန်၊ အိပ်ချိန်၊ မိသားစု နှင့်အတူ ဖြတ်သန်းချိန်နှင့် မိုဘိုင်းဖုန်းအသုံးပြုချိန်တို့ကို အပြန်အလှန် နားလည်သဘောတူညီမှုဖြင့် သင့်လျော်စွာ သတ်မှတ်ထားနိုင်သည်။
စတုတ္ထ — နေ့စဉ်ဘဝ၊ ဒီဂျစ်တယ်နည်းပညာအသုံးပြုမှုနှင့် ကျန်းမာမျှတသောဘဝ
မိုဘိုင်းဖုန်းအသုံးမပြုဘဲ စာဖတ်ခြင်း၊ အားကစားလုပ်ခြင်း၊ အနုပညာနှင့် ဝါသနာပါရာလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိသားစုနှင့် မိတ်ဆွေများနှင့် မျက်နှာချင်းဆိုင်ဆက်ဆံခြင်းနှင့် ပြင်ပလှုပ်ရှားမှုများ တွင် ပါဝင်ခြင်းတို့အတွက်လည်း လုံလောက်သောအချိန်ပေးသင့်သည်။
ပဉ္စမ — ကိုယ်ကျင့်တရားနှင့် တာဝန်ယူမှု၊ ဒီဂျစ်တယ်နိုင်ငံသား စိတ်ဓာတ်
အွန်လိုင်းပေါ်တွင် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပြောဆိုခြင်း၊ အွန်လိုင်းမှတစ်ဆင့် အနိုင်ကျင့်နှောင့်ယှက်မှုများကို ကာကွယ်ခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံစွာထိန်းသိမ်းခြင်း၊ မမှန်ကန်သော သတင်းအချက်အလက်များကို ခွဲခြားသိရှိခြင်း၊ အွန်လိုင်းတွင် မိမိချန်ထားခဲ့သော ဒီဂျစ်တယ်မှတ်တမ်းများကို သတိပြုခြင်းနှင့် ဉာဏ်ရည်တုနည်းပညာ (AI) ကို တာဝန်ရှိစွာ အသုံးပြုခြင်း တို့ကို လူငယ်များအတွက် အခြေခံဒီဂျစ်တယ်နိုင်ငံသားစိတ်ဓာတ်နှင့် ကျွမ်းကျင်မှုများအဖြစ် သင်ကြားပေးသင့်သည်။
မြန်မာ့ကျောင်းများတွင် “ဖုန်းစည်းကမ်း” ကို မည်သို့ချမှတ်သင့်သနည်း
မြန်မာနိုင်ငံအတွက် လက်တွေ့ကျသော စည်းမျဉ်းတစ်ရပ်မှာ “မသုံးရ” ဟုသာ ရေးသားထားခြင်းထက် ဘယ်အချိန်၊ ဘယ်နေရာ၊ ဘာအတွက်၊ ဘယ်သူ၏ ခွင့်ပြုချက်ဖြင့် အသုံးပြုရမည်ကို ရှင်းလင်းစွာ ဖော်ပြထားခြင်းဖြစ်သည်။
ဥပမာ—
စာသင်ချိန် — မသုံးရ။
စာမေးပွဲ — မယူဆောင်ရ။
ပညာရေးလုပ်ငန်း — ဆရာခွင့်ပြုလျှင် အသုံးပြုနိုင်။
အရေးပေါ်အခြေအနေ — ကျောင်းစည်းမျဉ်းနှင့်အညီ အသုံးပြုနိုင်။
ကျောင်းပြင်ပ — မိမိကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းရှိစွာ အသုံးပြုရမည်။
ထိုစည်းမျဉ်းများကို ကျောင်းသားများသာမက ဆရာများ၊ မိဘများနှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့များကပါ နားလည်သဘောတူထားရန် အရေးကြီးသည်။
အထူးသဖြင့် စည်းကမ်းဖောက်ဖျက်မှုကို အပြစ်ပေးခြင်းတစ်ခု တည်းမလုပ်ဘဲ ပထမအဆင့်တွင် အသိပညာပေးခြင်း၊ ဒုတိယအဆင့်တွင် မိဘနှင့်ဆွေးနွေးခြင်း၊ ထပ်မံဖြစ်ပွားပါက ကျောင်းစည်းမျဉ်း အတိုင်း အဆင့်လိုက်ဆောင်ရွက်ခြင်းသည် ပိုမိုပညာရေးဆန်သော နည်းလမ်းဖြစ်နိုင်သည်။
“No Mobile Phone” မဟုတ်၊ “Know Your Mobile Phone” ဖြစ်စေရန်
(“မိုဘိုင်းဖုန်း လုံးဝမသုံးရန်” မဟုတ်ဘဲ “မိုဘိုင်းဖုန်းကို သိရှိနားလည်ပြီး မှန်ကန်စွာအသုံးချတတ်ရန်”)
လူငယ်များအတွက် မိုဘိုင်းဖုန်းသည် ရန်သူမဟုတ်ပါ။ မှန်ကန်စွာ အသုံးပြုပါက ဆရာတစ်ဦး၊ စာကြည့်တိုက်တစ်ခု၊ ဘာသာစကား လေ့လာရေးကိရိယာတစ်ခုနှင့် ကမ္ဘာ့သတင်းအချက်အလက် ရင်းမြစ် တစ်ခုဖြစ်လာနိုင်သည်။
သို့သော် မိုဘိုင်းဖုန်းအသုံးပြုမှုကြောင့် လူငယ်များ၏ အိပ်ချိန်၊ စာသင်ချိန်၊ မိသားစုနှင့်အတူ ဖြတ်သန်းချိန်၊ လူမှုဆက်ဆံရေးအချိန်များ လျော့နည်းလာပါက နေ့စဉ်ဘဝတွင် နည်းပညာအသုံးပြုမှုနှင့် လူမှုဘဝအကြား ဟန်ချက်ညီမှု ပျက်ပြားလာနိုင်သည်။
ထို့ကြောင့် မိဘများသည် ဖုန်းကို ရုတ်တရက် သိမ်းယူခြင်းထက် သားသမီးများနှင့် ဆွေးနွေးသင့်သည်။ ဆရာများသည် ဖုန်းကို လုံးဝပိတ်ပင်ခြင်းထက် ရည်ရွယ်ချက်ရှိရှိ အသုံးပြုတတ်ရန် သင်ကြားပေးသင့်သည်။ ကျောင်းသားများကလည်း မိမိကိုယ်တိုင် မေးမြန်းသင့် သည်—
“ဒီဖုန်းကို ငါအသုံးပြုနေတာလား၊ ဒီဖုန်းက ငါ့အချိန်ကို အသုံးပြုနေတာလား”။
ဤမေးခွန်းကို မိမိကိုယ်တိုင် ပြန်လည်မေးမြန်းခြင်းသည် မိုဘိုင်းဖုန်းမရှိလျှင် စိုးရိမ်ပူပန်လာသည့် အခြေအနေများနှင့် မသင့်လျော်သော ဒီဂျစ်တယ်အသုံးပြုမှု အလေ့အကျင့်များကို စောစီးစွာ သတိပြုမိစေရန် အရေးကြီးသော အစပြုခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်သည်။
ဖုန်းကို ပိတ်လိုက်ရန်မဟုတ်၊ ဘဝကို ပြန်ဖွင့်ရန်
ကမ္ဘာတစ်ဝန်းတွင် မိုဘိုင်းဖုန်းနှင့်ပတ်သက်သော ကျောင်းစည်းမျဉ်းများ ပိုမိုတင်းကျပ်လာခြင်းသည် နည်းပညာကို ငြင်းပယ်လိုခြင်းကြောင့် မဟုတ်ပါ။ ကလေးများ၏ အာရုံစူးစိုက်မှု၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးနှင့် သင်ယူခွင့်ကို ကာကွယ်ရန်ဖြစ်သည်။ UNESCO ၏ လေ့လာချက်များကလည်း ကမ္ဘာ့ပညာရေးစနစ်များတွင် ဖုန်းကန့်သတ်မှုများ လျင်မြန်စွာတိုးလာနေကြောင်း ပြသထားသည်။
တရုတ်နိုင်ငံက စည်းကမ်းများချမှတ်၍ မိုဘိုင်းဖုန်းအသုံးပြုမှုကို စနစ်တကျ ထိန်းချုပ်ခြင်း၊ ဂျပန်နိုင်ငံက သတင်းအချက်အလက်နှင့် နည်းပညာကို ကျင့်ဝတ်နှင့်အညီ အသုံးပြုတတ်စေရန် ပညာပေးခြင်း၊ တောင်ကိုရီးယားနိုင်ငံက စာသင်ချိန်အတွင်း မိုဘိုင်းဖုန်းအသုံးပြုမှုကို ဥပဒေနှင့်အညီ ကန့်သတ်ခြင်း၊ ပြင်သစ်နိုင်ငံက ဒီဂျစ်တယ်နည်းပညာမှ ခေတ္တအနားယူစေခြင်းဖြင့် လူမှုဘဝနှင့် နည်းပညာအသုံးပြုမှုအကြား ဟန်ချက်ညီစေခြင်း၊ အိန္ဒိယနိုင်ငံက စာမေးပွဲနှင့် ကျောင်းစည်းကမ်း များကို တိကျခိုင်မာစွာထိန်းသိမ်းခြင်း၊ ထိုင်းနိုင်ငံက ဒီဂျစ်တယ် နည်းပညာအသုံးပြုမှုဆိုင်ရာ ကျန်းမာမျှတမှုနှင့် ဒီဂျစ်တယ်ကျွမ်းကျင်မှုတို့ကို (Digital Well-being နှင့် Digital Skills) တွဲဖက်ဖော်ဆောင်ခြင်း စသည့် နည်းလမ်းများမှ သင့်လျော်သောသင်ခန်းစာများကို ရယူနိုင်ပါသည်။
မြန်မာနိုင်ငံအတွက် အကောင်းဆုံးလမ်းကြောင်းမှာ ထိုနိုင်ငံများ၏ မူဝါဒတစ်ခုကို တိုက်ရိုက်ကူးယူခြင်းမဟုတ်ဘဲ မြန်မာ့ပညာရေး အခြေအနေနှင့် ကိုက်ညီသော “ကန့်သတ်မှု + ပညာပေးမှု + မိဘပူးပေါင်းမှု + ဒီဂျစ်တယ်နိုင်ငံသားကျင့်ဝတ်”ပေါင်းစပ်ပုံစံ တစ်ရပ်ကို ဖော်ဆောင်ခြင်းဖြစ်နိုင်သည်။
ရည်ရွယ်ချက်မှာ “မိုဘိုင်းဖုန်း လုံးဝမသုံးရန်” ဟူ၍ လူငယ်များကို နည်းပညာနှင့် ဝေးကွာစေရန်မဟုတ်ပါ။ “မိုဘိုင်းဖုန်းကို သိရှိနားလည်ပြီး မှန်ကန်စွာအသုံးချတတ်ရန်” ဖြစ်သည်။ ဆိုလိုသည်မှာ မိုဘိုင်းဖုန်း ၏ အကျိုးကျေးဇူးများကို သိရှိနားလည်သကဲ့သို့ မိမိ၏အသုံးပြုမှု ကိုလည်း မိမိကိုယ်တိုင် ထိန်းချုပ်နိုင်ပြီး ပညာရေး၊ ဆက်သွယ်ရေးနှင့် နေ့စဉ်ဘဝအတွက် အကျိုးရှိစွာအသုံးချတတ်သော လူငယ်များ ဖြစ်လာစေရန်ဖြစ်သည်။
မိုဘိုင်းဖုန်းကို ပိတ်ထားခြင်းထက် မိမိ၏အချိန်ကို တန်ဖိုးရှိစွာ ပြန်လည်အသုံးချနိုင်ခြင်း၊ ဖုန်းကို သိမ်းဆည်းထားခြင်းထက် မိမိကိုယ်တိုင် ထိန်းချုပ်အသုံးပြုနိုင်ခြင်း၊ နည်းပညာကို ကြောက်ရွံ့ရှောင်ရှားခြင်းထက် နည်းပညာ၏ အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး တာဝန်ယူမှုရှိစွာအသုံးချတတ်ခြင်း၊ ထိုအရည်အချင်းများသည် ၂၁ ရာစု မြန်မာလူငယ်များအတွက် အမှန်တကယ် လိုအပ်သော ဒီဂျစ်တယ် ခေတ်အသိပညာနှင့် ဉာဏ်ပညာပင်ဖြစ်ပါသည်။ ။


