ဖလမ်း စက်တင်ဘာ ၁၆
ဖလမ်းမြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ MPT Mobile ဖုန်းလိုင်းများ ပြန်လည်ရရှိပြီ ဖြစ်သည့်အတွက် ယနေ့မှစတင်ပြီး ပြည်သူများ၏ MPT မိုဘိုင်းဖုန်း Sim card များ ပြန်လည် အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်သည် ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင် တို့နှင့် သွားရောက်ကြည့်ရှု အားပေးသည်။
အကြမ်းဖက် ဖြစ်စဉ်များကြောင့် ဖလမ်းမြို့တွင် တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားပြီး MEC-CDMA ဖုန်းလိုင်းကိုသာ အသုံးပြုနေခြင်းဖြစ်ကာ ယခုအခါ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း MPT Mobile ဖုန်းလိုင်း ပြန်လည်ရရှိပြီ ဖြစ်သည့်အတွက် ပြည်နယ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဝန်ထမ်းများသည် ဖလမ်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ အခြေပြုပြီး MPT Mobile Sim card ကတ်ပျောက်၊ ကတ်ပျက်များကို ပြန်လည်လျှောက်ပေးခြင်း၊ Sim card များ မှတ်ပုံတင်ပေးခြင်းနှင့် Sim card အသစ်များ ရောင်းချပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ 66/11kv ဓာတ်အား ခွဲရုံအဆောက်အအုံ ပြန်လည် ပြုပြင်မှု၊ စက်ပစ္စည်းပျောက်ဆုံး၊ ပျက်စီးမှုအခြေအနေ၊ ဓာတ်အား ခွဲရုံ ဝန်ထမ်းအိမ်ရာ ပြန်လည် ပြုပြင်မှု၊ ခရိုင်သစ်တောဦးစီးဌာန ရုံးအဆောက်အအုံ၊ အရာရှိနေအိမ်နှင့် ဝန်ထမ်းအိမ်ရာပြုပြင်နေမှု၊ မြို့နယ် သစ်တောဦးစီးဌာနရုံး ပြုပြင်နေမှု၊ အိုးအိမ်ဝန်ထမ်း အိမ်ရာ ပြန်လည်ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အခြေခံ အဆောက်အအုံများကို ပြုပြင်နေသည့် ဒေသခံကုမ္ပဏီများအနေဖြင့် စေတနာထားကာ စံချိန်စံညွှန်းနှင့်အညီ ပစ္စည်းအရည်အသွေး၊ တည်ဆောက်မှု အရည်အသွေး ကောင်းမွန်စေရေးနှင့် သတ်မှတ် ကာလအတွင်း လုပ်ငန်းပြီးစီး စေရေးတို့ကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


