ဖလမ်း စက်တင်ဘာ ၂၂
ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် စက်ရက်ကန်း၊ လက်ရက်ကန်းနှင့် ရိုးရာဂျပ်ခုတ်သင်တန်းများ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး လက်ရက်ကန်းနှင့် ရိုးရာဂျပ်ခုတ်သင်တန်း တက်ရောက်လိုသူများအနေဖြင့် ကြိုတင် စာရင်းပေးထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ အဆိုပါကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ခံနည်းပြဆရာမက သင်တန်းသုံးကိရိယာများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် သင်တန်းသားခေါ်ယူမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ လက်ရက်ကန်းကျောင်းအဆောက်အအုံ၊ ရက်ကန်းသင်တန်းသား အမျိုးသားအဆောင်၊ ရက်ကန်းသင်တန်းသား အမျိုးသမီးအဆောင်၊ နည်းပြနေအိမ်၊ နှစ်ခန်းတွဲဝန်ထမ်းအိမ်ရာနှင့် ကျောင်းအုပ်နေအိမ်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့သွားရောက်ပြီး ရုံးအဆောက်အအုံ၊ ကျောင်းအုပ်နေအိမ်၊ စတိုဆောင်၊ သင်တန်းသား အိပ်ဆောင်များနှင့် စားရိပ်သာအဆောက်အအုံ ပြုပြင်နေမှုများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံး အဆောက်အအုံပြုပြင်ပြီးစီးမှု၊ ရုံးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပစ္စည်းအရည်အသွေး၊ လုပ်ငန်းအရည်အသွေးများ စံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိရေး၊ သတ်မှတ်ကာလ အတွင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း မှာကြားသည်။
ထို့နောက် တောင်တန်းသာသနာပြု ဆရာတော် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဦးဥတ္တမသာရ တည်ထားကိုးကွယ်ခဲ့သော ရန်ပြေမာန်ပြေ အောင်တော်မူ ဓာတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော် မွမ်းမံပြင်ဆင်ရန်အတွက် အလှူရှင်များ၏ လှူဒါန်းငွေများကို ပေးအပ်လှူဒါန်းသည်။
ရန်ပြေမာန်ပြေအောင်တော်မူ ဓာတ်ပေါင်းစုဆုတောင်းပြည့်စေတီတော်ကြီးသည် ၁၉၉၅ ခုနှစ် မတ် ၂၂ ရက်တွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စေတီတော်ကြီး၏ ထုံးသင်္ကန်းများ မှိန်လျော့နေခြင်း၊ စောင်းတန်းများပျက်စီးနေခြင်းနှင့်အတူ စေတီတော်ရှိ ခြင်္သေ့နှစ်ကောင်၊ အဆင်းလှေကားများ၊ ဆရာတော်ကြီး၏ ရုပ်တုနှင့်အဝင်မုခ်ဦးများ ဆေးသုတ်ရန် လိုအပ်လျက်ရှိသည့်အတွက် အလှူငွေများကောက်ခံလှူဒါန်းခြင်းဖြစ်ကြောင်း၊ ဖလမ်းမြို့ ရန်ပြေမာန်ပြေအောင်တော်မူ ဓာတ်ပေါင်းစုဆုတောင်းပြည့်စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် စေတနာရှင်ပြည်သူများအနေဖြင့် ဦးမင်းမင်းလတ် တယ်လီဖုန်းနံပါတ် ၀၉ - ၄၄၈၁၉၇၈၇၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်


