ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးနှင့် သူနာပြုသိပ္ပံကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ဖလမ်း အောက်တိုဘာ ၇

ချင်းပြည်နယ် ဖလမ်းမြို့ ပြည်သူ့ဆေးရုံဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲ နှစ်ထပ် ပြုပြင်ခြင်းလုပ်ငန်း၊ သူနာပြုအိမ်ရာ ရှစ်ခန်းတွဲ RC နှစ်ထပ်ဆောင်ပြုပြင် ခြင်းလုပ်ငန်း၊ ဆရာဝန်အိမ်ရာ လေးခန်းတွဲ RC နှစ်ထပ်ဆောင်ပြုပြင်ခြင်းလုပ်ငန်း၊ ဖလမ်းမြို့ သူနာပြု သိပ္ပံ ဘွဲ့နှင်းသဘင်ခန်းမဆောင် RC တစ်ထပ် အဆောက်အအုံ၊ သင်တန်းသူ အိပ်ဆောင်၊ စာသင်ဆောင်နှင့် ကျောင်းအုပ်ကြီးရုံးခန်း အဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်သည် ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများ အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရေးနှင့် သူနာပြုသိပ္ပံသင်တန်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး အထူးကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ဆေးရုံအုပ်ကြီးက ဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲ RC နှစ်ထပ်တစ်လုံးအား ယာယီဆေးရုံ အဖြစ် ပြောင်းလဲဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်တင်ပြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သတ်မှတ် ကာလအတွင်း ပြုပြင်ခြင်းလုပ်ငန်းများပြီးစီးရေးအတွက် လုပ်ငန်းစီမံချက်အတိုင်း စနစ်တကျ ဆောင်ရွက်ရန်၊ ဒေသခံပြည်သူများအား ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အရေးကြီးသော အခြေခံအဆောက်အအုံများ ဖြစ်သည့်အတွက် လုပ်ငန်းများပြီးစီးသည်နှင့် တစ်ပြိုင်နက် ကျန်မာရေးဝန်ဆောင်မှုလုပ်ငန်းများ အမြန် လည်ပတ်နိုင်ရေးဆောင်ရွက်ရန်နှင့် အဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာဌာနများက သေချာစိစစ်ပြီးလွှဲပြောင်း လက်ခံဆောင်ရွက်ကြရန် မှာကြားသည်။

ထို့ပြင် တီးတိန်မြို့ ပြည်သူ့ဆေးရုံနှင့် တွန်းဇံမြို့ ပြည်သူ့ဆေးရုံအတွက် ဆေးဝါးများနှင့် ဆေးရုံသုံး ပစ္စည်းများသည် ယမန်နေ့ညနေပိုင်းက တီးတိန်မြို့ သို့ ရောက်ရှိပြီဖြစ်ပြီး တီးတိန်မြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် အသုံးပြုမည့် 100MA ixed Type Digital ဓာတ်မှန်စက် အသုံးပြုနိုင်ရေး နေရာချ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းနှင့် ဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းများကို တီးတိန်မြို့မှတစ်ဆင့် တွန်းဇံမြို့သို့ ဆက်လက်ပေးပို့ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)