ဖလမ်း စက်တင်ဘာ ၁၃
ဖလမ်းမြို့ ဗလိုင်ရပ်ကွက်ရှိ FBC ဖလမ်း နှစ်ခြင်းအသင်းတော်ကျောင်း ဘက်စုံအသုံးပြုရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့် အတူ အလှူငွေများ သွားရောက်လှူဒါန်းသည်။
ထို့ပြင် နှစ်ခြင်းအသင်းတော်ဝင် မြို့သူ မြို့သားများနှင့်အတူ တနင်္ဂနွေ စုပေါင်းဝတ်ပြု ဆုတောင်းပွဲတွင် ပါဝင်၍ ဝတ်ပြုဆုတောင်းသည်။
ဖလမ်းမြို့သည် နယ်မြေတည်ငြိမ်အေးချမ်းလာမှုနှင့်အတူ ဒေသခံပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်နေပြီဖြစ်ပြီး ဒေသနေ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အစိုးရရုံးဌာနများ ပုံမှန်လည်ပတ်ဆောင်ရွက် ပေးလျက်ရှိသည်။
ထို့အတူ ယမန်နေ့မှစ၍ ဖလမ်းမြို့တွင် MPT ဆက်သွယ်ရေးကွန်ရက်လိုင်းများ ပြန်လည်ရရှိနေပြီဖြစ်ပြီး ဖလမ်းမြို့ ပြည်သူများ၏ MPT SIM ကတ်များ ပြန်လည်အသုံးပြုနိုင်ရေး လိုအပ်ချက်များရှိပါက MPT Own shop ဝန်ထမ်းများက စက်တင်ဘာ ၁၅ ရက်မှ စတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့ပေါ်ရှိ မိုဘိုင်းစခန်းအမှတ် CHN00001 သည် ယမန်နေ့မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်တွင် VSAT ပေါ်မှတစ်ဆင့် ဆက်သွယ်မှုရရှိခဲ့ခြင်း ဖြစ်ပြီး ဖလမ်းမြို့ပေါ်ရှိ မိုဘိုင်းစခန်းအမှတ် CHN00015 နှင့် တွန်းဇံမြို့ပေါ်ရှိ မိုဘိုင်းစခန်း CHN00150 တို့ ဆက်သွယ်မှုရှိစေရန် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ဖလမ်းမြို့နှင့် တွန်းဇံမြို့တို့တွင် ဆက်သွယ်ရေး (MPT)လိုင်းများ အမြန်ဆုံး ပြန်လည် အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့်ဆက်သွယ်ရေး စက်ပစ္စည်းများကို ရန်ကုန်မြို့မှ ဖလမ်းမြို့နှင့် တွန်းဇံမြို့တို့သို့ လေယာဉ်၊ မော်တော် ယာဉ်များဖြင့် သယ်ယူပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


