ဖလမ်း စက်တင်ဘာ ၁၇
ချင်းပြည်နယ် ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုကို ယနေ့ဆောင်ရွက်ကြသည်။
ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုအဖြစ် အဆိုပါ ကျောင်းရှိ ကျောင်းသား ကျောင်းသူများ၏ အာဟာရအုပ်စု လက်တွေ့သရုပ်ပြ ရှင်းလင်းမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်သည် ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် သွားတိုက်တံနှင့် သွားတိုက်ဆေးများကို ပေးအပ်လှူဒါန်းပြီး KG ကလေးများကို အာဟာရတိုက် ကျွေးနေမှု၊ အဆိုပါ မူလတန်းကျောင်း တစ်စိတ်တစ်ပိုင်း ပြုပြင်နေမှုကို ကြည့်ရှုသည်။
ထိုမှတစ်ဆင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရုံးအဆောက်အအုံ၊ ဦးစီးအရာရှိ နေအိမ်၊ နှစ်ခန်းတွဲဝန်ထမ်းအိမ်ရာနှင့် လေးခန်းတွဲဝန်ထမ်း အိမ်ရာ ပြုပြင်ပြီးစီးမှု၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရုံးအဆောက်အအုံပြုပြင်ပြီးစီးမှု၊ မိုးလေဝသဆိုင်ရာ စက်ကိရိယာများ၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ သုံးလုံး တစ်စိတ်တစ်ပိုင်း ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ နှင့်ဖလမ်းမြို့များရှိ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာ အဆောက်အအုံများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ပထမအဆင့်ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိရာ တွန်းဇံမြို့ရှိ ဌာနဆိုင်ရာ အဆောက်အအုံများ တစ်စိတ် တစ်ပိုင်းပြုပြင်နေမှု လုပ်ငန်း အားလုံး၏ ၅၈ ဒသမ ၈ ရာခိုင်နှုန်း၊ တီးတိန်မြို့ရှိ ပြုပြင်မှုလုပ်ငန်းများ၏ ၈၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် ဖလမ်းမြို့ရှိ ပြုပြင်မှုလုပ်ငန်းများ ၏ ၅၈ ဒသမ ၃၈ ရာခိုင်နှုန်းပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


