ဖိလစ်ပိုင်တောင်ပိုင်းတွင် အစိုးရတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွား စစ်သွေးကြွ ခုနစ်ဦး သေဆုံး

၃ နိုဝင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆူလူပြည်နယ်ရှိ အစွန်အဖျားကျသောကျွန်းအနီး အင်္ဂါနေ့မနက်ဝေလီဝေလင်းအချိန်တွင် အစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရာ အဘူ ဆေရပ်ဖ်အုပ်စုမှ သံသယရှိသူ စစ်သွေးကြွ ခုနစ်ဦး သေဆုံးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာက ပြောကြားခဲ့သည်။

 

မင်ဒါနာအိုအနောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ကော်လီတိုဗင်လူအန်က ဆူလူပြည်နယ် ပါရန့်မြို့ ဆူလားကျွန်းအနီးတွင် တပ်ဖွဲ့များကင်းလှည့်နေစဉ် စပိဘုတ်ပေါ်ရှိ အကြမ်းဖက်သမားတစ်စုအား ဖမ်းဆီးခဲ့ချိန် မနက် ၂ နာရီ မတိုင်မီတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည် ဟု ၎င်းက ဆိုသည်။

 

မင်ဒါနာအိုပြည်မကြီးတွင် အကြမ်းဖက်အုပ်စု၏ ပြန်ပေးဆွဲမှုပြုလုပ်ရန်အစီအစဉ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်ရရှိပြီးနောက် တပ်ဖွဲ့များက တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။တိုက်ပွဲဖြစ်ပွားချိန် ၂၅ မိနစ်ကြာမြင့်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

 

ဖိလစ်ပိုင်အထူးတပ်ဖွဲ့များက တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်းနှင့် အကြမ်းဖက်သမားများကို အနိုင်ယူရန်ရည်ရွယ်သည့် ဘက်စုံသုံးတိုက်ခိုက်ရေးယာဉ်တစ်စင်းတို့ကို အသုံးပြုခဲ့ကြကြောင်း ထိုစစ်ဆင်ရေးကို စီစဉ်သူ စစ်မြေပြင်တပ်မှူး ဝီလျံ ဂေါ့ဇဲလ် က ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို