ဖိလစ်ပိုင်ငလျင်လှုပ်ခတ်မှု သေဆုံးသူ ငါးဦးအထိရှိ

၁၇ အောက်တိုဘာ

 

 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ကိုတာဘာတိုပြည်နယ် မြောက်ပိုင်းတွင် ယမန်နေ့က ပြင်းအား ၆ ဒသမ ၃ ပမာဏရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ငါးဦးအထိ ရှိလာပြီဖြစ်ကြောင်း ဒေသခံ တာဝန်ရှိသူများက ယနေ့ ပြောကြားခဲ့သည်။

 

 

ဒါတူ ပါဂလပ်မြို့ရှိ အသက်ခုနစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးပေါ်သို့ နံရံတစ်ခု ပြိုကျခဲ့ပြီးနောက် ယင်းမိန်းကလေးငယ် သေဆုံးသွားခဲ့သည်ဟု ကိုတာဘာတို မြောက်ပိုင်းရှိ တူလူနန် မြို့တော်ဝန် ရီယူရယ် လီမ်ဘန်ဂန် က ပြောကြားခဲ့သည်။

 

 

အမျိုးသား တစ်ဦးမှာ နှလုံးရောဂါ ခံစားရပြီး သေဆုံးသွားခဲ့ကြောင်းနှင့် ဒါဗာအို ဒယ်ဆာပြည်နယ်ရှိ မတ်ဆေဆေမြို့တွင် အသက် နှစ်နှစ်အရွယ် ကလေးတစ်ဦး အိပ်ပျော်နေစဉ် ၎င်းကိုယ်ပေါ်သို့ အရာဝတ္ထုများ ပြုတ်ကျကာ ထိုကလေးငယ်လည်း သေဆုံးသွားခဲ့ကြောင်း အနီနားရှိ အမ်လမ်မြို့ ဒုတိယမြို့တော်ဝန် ဂျိုစီလီတို ပီနိုလ် က ပြောကြားခဲ့သည်။

 

 

အဆိုပါ ငလျင်တုန်ခါမှုကြောင့် နေအိမ်တစ်လုံး မြေပြိုမှု ဖြစ်ပွားကာ မိခင်တစ်ဦးနှင့် ၎င်း၏ကလေးတို့ သေဆုံးခဲ့သည်ဟု သတင်းများအရ သိရသည်။

 

 

ထိုငလျင်ကြောင့် ထိခိုက်သေဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှု အရေအတွက်ကို အမျိုးသား သဘာဝ ဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေး ကောင်စီက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို