ရန်ကုန် အောက်တိုဘာ ၂၇
အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပနေသည့် ၂၀၂၆ ဖီဖာ ယူ-၁၅ ကမ္ဘာ့ဖလားနှင့် ဘောလုံးပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအသင်းသည် အုပ်စုပွဲများအပြီး Tier D ပွဲစဉ်များ ဆက်လက်ကစားရမည်ဖြစ်သည်။
အုပ်စုပွဲစဉ်များအပြီး အဆင့်ရပ်တည်မှုအပေါ်မူတည်၍ ရှုံးထွက်ပွဲများ ဆက်လက်ကစားရခြင်းဖြစ်ပြီး အဆင့်(၁)ရသည့် အသင်းများက Tier A ၊ အဆင့်(၂)ရသည့်အသင်းများက Tier B ၊ အဆင့်(၃)ရသည့်အသင်းများက Tier C ၊ အဆင့်(၄)ရသည့်အသင်းများက Tier D ၊ အဆင့်(၅ )ရသည့် အသင်းများက Tier E ၊ အဆင့် (၆)ရသည့်အသင်းများက Tier F ပွဲစဉ်များ ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု W တွင် ကျရောက်ခဲ့ ပြီး ဂူအမ်အသင်းကို သုံးဂိုး - ဂိုးမရှိ၊ ဘဟားမားစ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ကာဇက်စတန်အသင်းနှင့် တစ်ဂိုးစီ သရေကျပြီး ဂါနာအသင်းကို ခုနစ်ဂိုး-တစ်ဂိုး၊ ဥဇဘက်ကစ္စတန်အသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ရမှတ် ခုနစ်မှတ်ရရှိပြီး အဆင့် ၄ နေရာရသဖြင့် Tier D ပွဲစဉ်များ ကစားရခြင်းဖြစ်သည်။
မြန်မာအသင်းနှင့် အိုမန်အသင်းသည် အောက်တိုဘာ ၂၈ ရက်တွင် ကစားရမည်ဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်၊ ဓာတ်ပုံ - MFF


