ဖီဂျီနိုင်ငံ၌ လူကြီး ၆၀ တွင် တစ်ဦးနှုန်း ခုခံအားကျဆင်းသည့်ရောဂါ ကူးစက်ခံထားရ

ဆုဗား စက်တင်ဘာ ၁၉

ဖီဂျီနိုင်ငံ၌ လူကြီး ၆၀ တွင် တစ်ဦးနှုန်း ခုခံအားကျဆင်းသည့် ရောဂါကူးစက်ခံထားရကြောင်း နောက်ဆုံးခန့်မှန်းချက် ထွက်ပေါ်လာပြီးနောက် ရောဂါကူးစက်မှုဆိုင်ရာ နိုင်ငံအဆင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်း သိရသည်။

အရေးပေါ်အခြေအနေကြေညာထားခြင်းကြောင့် ရောဂါစစ်ဆေးခြင်းနှင့် ကုသခြင်းဆိုင်ရာ လုပ်ငန်းများအတွက် အရင်းအမြစ်များကို ပိုမိုသုံးစွဲနိုင်မည်ဖြစ်သည်။

အခမဲ့ ရောဂါစစ်ဆေးခြင်း၊ ကာကွယ်ဆေးဝါးနှင့် ကုသမှုများ ရရှိနိုင်မှုကို တိုးချဲ့ဆောင်ရွက်နေကြောင်း အစိုးရက ပြောကြားခဲ့သည်။

ထို့ပြင် လူတစ်ဦးချင်းစီ၏ ရောဂါကူးစက်ခံထားရမှု အခြေအနေကို လျှို့ဝှက်ထားရှိမည်ဖြစ်ပြီး ကူးစက်ခံထားရသူများအပေါ် ခွဲခြားဆက်ဆံခြင်းမှာ ဥပဒေနှင့်မညီကြောင်းလည်း အစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဆုံးဖြတ်ချက်သည် ရောဂါကူးစက်ပျံ့နှံ့မှု၏ ပြင်းထန်မှုကို အသိအမှတ်ပြုခြင်းဖြစ်သည့်အပြင် လက်ရှိလိုအပ်နေသည့် အရေးပေါ် ညှိနှိုင်းဆောင်ရွက်ရမည့် တုံ့ပြန်မှုများကိုလည်း အလေးထားရာရောက်ကြောင်း ကျန်းမာရေးဝန်ကြီး အန်တိုနီယိုလာလာဘာလာဗူက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ရောဂါကူးစက်ခံရသူ ၂၀၁၆ ဦးရှိခဲ့ပြီး ၎င်းအရေ အတွက်မှာ ၂၀၁၉ ခုနှစ်ကထက် ၁၆ ဆပိုများကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ၅၀ တွင် တစ်ဦးနှုန်း ရောဂါပိုးရှိနေကြောင်းလည်း ၎င်းတို့က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် နှစ်အတွင်း ရောဂါပိုးကူးစက်ခံထားရသည့် ကလေးငယ် ၅၉ ဦး မွေးဖွားခဲ့ပြီး ၎င်းတို့အနက် ၁၈ ဦးမှာ အသက်တစ်နှစ်မပြည့်မီ သေဆုံးခဲ့ကြသည်။

ရောဂါကူးစက်ပျံ့နှံ့ရသည့် အကြောင်းရင်းများတွင် မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်းတို့ ပါဝင်သည်။ မူးယစ် ဆေးဝါးမှောင်ခိုရောင်းဝယ်သူများသည် ဖီဂျီနှင့် အခြားကျွန်းနိုင်ငံများကို ဗဟိုချက်များအဖြစ် ပစ်မှတ်ထားလျက်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

အင်န်အိတ်ချ်ကေ