ဖီဂျီနိုင်ငံ၏ ကမ်းရိုးတန်းတစ်လျှောက် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ တွေ့ရှိမှုကြောင့် စိုးရိမ်မှုများ မြင့်တက်

ဆူဗာ  အောက်တိုဘာ  ၁၂

ဖီဂျီနိုင်ငံ၏  Paddle  for  Hope  လှုပ်ရှားမှုအတွင်း   ကမ်းရိုးတန်းတစ်လျှောက်ရှိ   နေရာတိုင်းနီးပါး၌   ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ တွေ့ရှိခဲ့ရခြင်းကြောင့် နိုင်ငံ၏စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်နှင့် ကမ်းရိုးတန်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စိုးရိမ်မှုများမြင့်တက်လာကြောင်း Pacific   Recycling     Foundation (ပစိဖိတ်စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုခြင်းဆိုင်ရာ  ဖောင်ဒေးရှင်း)က   ပြောကြား သည်။

ဖောင်ဒေးရှင်းတည်ထောင်သူ အမီတက်စ်ဒေယိုက ယခုတွေ့ရှိချက်များသည် နိုင်ငံအတွင်း စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်ကို ပိုမိုထိရောက်အောင် ဆောင်ရွက်ရန်လိုအပ်နေကြောင်း ဖော်ပြနေသည်ဟု ပြောကြားသည်။

ထို့ပြင် ခရီးသွားလုပ်ငန်းအတွက် အရေးပါသည့် ကမ်းရိုးတန်းဒေသများကို ကာကွယ်ရန်အတွက် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စနစ်တကျစုဆောင်းခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် စီမံဆောင်ရွက်ခြင်းတို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက  ဖီဂျီအသံလွှင့်ကော်ပိုရေးရှင်း၏ အောက်တိုဘာ ၁၂ ရက် ထုတ်လွှင့်ချက်တွင် ပြောကြားသည်။

တောင်ပစိဖိတ်ဒေသ၏ အဓိကခရီးသွားနေရာတစ်ခုဖြစ်သော ဖီဂျီနိုင်ငံသည် ၎င်း၏ သဘာဝအလှအပများ၊ သန့်ရှင်းသောကမ်းခြေများနှင့် အဏ္ဏဝါဂေဟစနစ်များအပေါ် ခရီးသွားလုပ်ငန်းအတွက် များစွာမှီခိုအားထားနေရသည်။

ဆင်ဟွာ